Anadolu Agency; Feb-19 (Sat)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ အာဖရိက ၃ နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်သည် အပြန်အလှန်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် အာဖရိကဒေသရှိ တူရကီစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုချဲ့ထွင်နိုင်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်မည်ဟု တူရကီနိုင်ငံ အနေဖြင့် မျှော်လင့်လျက်ရှိကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ အာဒိုဂန်သည် ၎င်း၏ ၄ ရက်ကြာ အာဖရိကဒေသခရီးစဉ်အား ဖေဖော်ဝါရီလ ၂၀ ရက်တွင်စတင်ခဲ့ပြီး ခရီးစဉ်အတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆီနီဂေါနှင့် ဂီနီဘစ်ဆောနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဆက်လက် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ''Strategic Africa'' မူဝါဒကို အသုံးပြုခဲ့သည့် အတွက် တူရကီနှင့် အာဖရိကနိုင်ငံများအကြားရှိ ဆက်ဆံရေးသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း တူရကီကုမ္ပဏီများသည် အာဖရိကဒေသ၌ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံခန့်တန်ဖိုးရှိ စီမံကိန်း ၁,၁၅၀ ခု ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
သမ္မတ အာဒိုဂန်အနေဖြင့် ၎င်းချစ်ကြည်ရေးခရီးစဉ်အတွင်း အထက်ပါနိုင်ငံ များနှင့် အပြန်အလှန်ဆက်ဆံရေးနှင့် ကဏ္ဍအသီးသီးရှိ ပူးပေါင်းဆောင်ရွက်နေမှု များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တူရကီ-ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ စီးပွားရေးကောင်စီဆိုင်ရာ နိုင်ငံခြားစီးပွား ဆက်ဆံရေးဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ယူဆဖ်ဆန့်ခ်ဒါ့ဆူယု (Yusuf Cenk Dagsuyu) က နှစ်နိုင်ငံအနေဖြင့် အကျိုးတူမူဝါဒ (win-win policy) ကို အသုံးပြုပါက အပြန်အလှန် ကုန်သွယ်မှုပမာဏသည် သိသာထင်ရှားသည့်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ အထူးသဖြင့် သတ္တုတွင်းနှင့် စွမ်းအင်ကဏ္ဍရှိ ဖွံ့ဖြိုးတိုးတက်မှု အသစ်များသည် အနာဂတ်ကာလအတွက် အလွန်အရေးပါကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံ အပြန်အလှန်ပို့ကုန်ပမာဏအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနှင့် အာဖရိကနိုင်ငံများအကြားရှိ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးများသည် လက်ရှိအချိန်တွင် ခိုင်မာအားကောင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အတူ တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့ရှိ အာဖရိကနိုင်ငံ များ၏ သံရုံးများမှာ ၂၀၀၈ ခုနှစ်တွင် ၁၀ ခုရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၃၇ ခုအထိ တိုးမြှင့် ဖွင့်လှစ်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အတူ တစ်ဖက်တွင်လည်း အာဖရိကနိုင်ငံ များရှိ တူရကီနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏများသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကျော်အထိရှိခဲ့သည့်အပြင် နှစ်ဖက်အကြားရှိ ကုန်သွယ်မှုပမာဏသည် တစ်နှစ်ပြီး တစ်နှစ် ၂၄.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ်တွင် တူရကီနှင့် အာဖရိကနိုင်ငံများအကြားရှိ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံကျော် အထိရှိခဲ့ကြောင်း တွေ့ရပါသည်။ လက်ရှိအချိန်တွင်လည်း တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန်သည် အာဖရိကနိုင်ငံများဖြစ်သော ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆီနီဂေါနှင့် ဂီနီဘစ်ဆောနိုင်ငံများသို့ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက် လျက်ရှိပြီး အဆိုပါခရီးစဉ်အတွင်း နှစ်ဖက်အကြားရှိ အပြန်အလှန်ဆက်ဆံရေးများ အပါအဝင် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ အခွင့်အလမ်း များရရှိနိုင်ရန်အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသေးသည့် ဈေးကွက်များရှိသည့်အတွက် အကျိုးတူမူဝါဒ (win-win policy) အား အသုံးပြုကာ အပြန်အလှန်ကုန်သွယ်မှုပမာဏအား သိသာထင်ရှားသည့် အဆင့်ထိ ရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ပို့ကုန်ပမာဏအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ တိုးမြှင့်ဆောင်ရွက်ရန် ရည်မှန်းထား ကြောင်း တူရကီ-ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံစီးပွားရေးကောင်စီဆိုင်ရာ နိုင်ငံခြား စီးပွားဆက်ဆံရေးဘုတ်အဖွဲ့အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အတူ တူရကီ-ဆီနီဂေါ စီးပွားရေးကောင်စီအကြီးအကဲတစ်ဦးကလည်း သမ္မတ အာဒိုဂန်၏ ချစ်ကြည်ရေးခရီးစဉ်သည် စီးပွားရေးအသိုက်အဝန်းအတွက် အပြုသဘော ဆောင်သည့် အခြေအနေများအား ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြား ထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူရကီသမ္မတ အာဒိုဂန်၏ အာဖရိကခရီးစဉ် သည် နှစ်ဖက်အကြားတွင် အပြန်အလှန်ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ အခွင့်အလမ်း အသစ်များကို ဖန်တီးပေးနိုင်မည့်အပြင် တူရကီစီးပွားရေးလုပ်ငန်းရှင်များကိုလည်း အာဖရိကဒေသတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်စေမည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment