Wednesday, January 6, 2021

ဗြိတိန်အစိုးရအနေဖြင့် တူရကီနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုများအား ရပ်တန့်သွားရန် ငြိမ်းချမ်းရေးလှုပ်ရှားသူများအဖွဲ့က တိုက်တွန်းပြောကြားခဲ့ခြင်း

 Morningstar; Jan-7(Thu)

              ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိလက်နက်ကုမ္ပဏီအား တူရကီနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချရန် ခွင့်ပြုပေးထားမှုများကို  ရပ်တန့်သွားရန် တိုက်တွန်း ထားသည့် အစီရင်ခံစာတစ်စောင်အား   ဗြိတိန်အခြေစိုက် ကာဒစ္စတန်ငြိမ်းချမ်းရေး လှုပ်ရှားသူများအဖွဲ့ (Peace in Kurdistan- PIK) က ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့၏ ၄၄ ရက်ကြာစစ်ပွဲတွင် အာမေးနီးယားစစ်ဘက်မှ ပစ်ချဖျက်ဆီးနိုင်ခဲ့သည့် တူရကီထုတ် Bayraktar TB-2 မောင်းသူမဲ့လေယာဉ်၏ အပျက်အစီးအပိုင်းအစ များအား လေ့လာချက်အရ ဗြိတိန်နိုင်ငံ၊ ဘရိုက်တန်မြို့ အခြေစိုက် EDO MBM လက်နက်နည်းပညာကုမ္ပဏီမှ တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်တွင် နည်းပညာ အကူအညီများပေးအပ်ထားသည်ကို တွေ့ရှိရကြောင်း PIK အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် Bayraktar TB-2 မောင်းသူမဲ့ လေယာဉ်များအား အသုံးပြု၍တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့သည့်အပြင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားသောအခြေခံအဆောက် အဦများစွာ ပျက်စီးခဲ့ရကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

              ထို့ပြင် တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံနယ်စပ် ကိုဘာနီ (Kobane) မြို့ရှိ ကာဒ့်သူပုန်များနှင့် ၎င်းမြို့ရှိ အရပ်ဘက်ပစ်မှတ်များကို  တိုက်ခိုက်ရန်အတွက် Bayraktar TB-2 မောင်းသူမဲ့လေယာဉ်များအား အသုံးပြုလျက်ရှိခြင်းကြောင့် အထက်ပါ အတိုင်း ဗြိတိန်အစိုးရအား တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း  PIK အဖွဲ့က ပြောကြားထား ပါသည်။ PIK အဖွဲ့၏ တောင်းဆိုမှုများကြောင့် တူရကီနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချရန် ခွင့်ပြုပေးထားမှုအား ပြန်လည်စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားထားပါသည်။ ဗြိတိန်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်မှစတင်ကာ ၎င်းတို့နိုင်ငံအတွင်းရှိ လက်နက် ကုမ္ပဏီများအား တူရကီနိုင်ငံသို့  ပေါင်စတာလင် ၁.၆ သန်းတန်ဖိုးရှိ လက်နက်များ တင်ပို့ရောင်းချရန်ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment