Sunday, February 28, 2021

ဩစတြီးယားနှင့် ဒိန်းမတ်ဝန်ကြီးချုပ်တို့သည် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဆိုခြင်း


Israelnationlnews;Feb-27(Sat)

        ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) နှင့် ဒိန်းမတ် ဝန်ကြီးချုပ် မက်တယ်ဖရီဒီရက်ဆန် (Mette Frederiksen) တို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးရန်အတွက် အစ္စရေးနိုင်ငံသို့ လာမည့်မတ်လ ၄ ရက်တွင် ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း ဩစတြီးယားဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၂၇ ရက် တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လက်ရှိကာကွယ်ဆေးအခြေအနေများနှင့် ကုသမှုအခြေအနေများကိုသုံးသပ်၍ အမြန်ဆုံးကုသကာကွယ်နိုင်မည့်နည်းလမ်းများ ချမှတ်ရန်၊ သို့မဟုတ် ဆေးဝါးအသစ်များကို တတ်နိုင်သမျှ လျင်မြန်စွာထုတ်လုပ်နိုင်ရန် အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ရည်ရွယ်၍ အဆိုပါကဲ့သို့ သွားရောက်ရန်စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ကာဇ့်က ပြောကြားခဲ့ပါသည်။ 
  ထို့ပြင် အစ္စရေး၊ ဩစတြီးယားနှင့်ဒိန်းမတ်နိုင်ငံတို့သည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် အနီးကပ်ဆက်ဆံရေးများရှိခဲ့ပြီး လာမည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု (Binyamin Netanyahu) နှင့်တွေ့ဆုံ၍ ၎င်းတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာဇ့်က ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း COVID-19 ကပ်ရောဂါကုသမှုနှင့် ဆေးဝါးထုတ်လုပ်မှု များအပြင် လေ့လာစမ်းသပ်မှုများနှင့် တီထွင်ထုတ်လုပ်မှုများကိုလည်း အတူတကွပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩစတြီးယားဝန်ကြီးချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်မှုများနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဩစတြီးယားနိုင်ငံအတွင်း၌ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းထပ်မံဖြစ်ပွားချိန် တွင် ဝန်ကြီးချုပ် ကာဇ့်သည် အစ္စရေးဝန်ကြီးချုပ်နှင့် ဆွေးနွေးပြောဆိုခဲ့ပြီး အကူအညီ များထပ်မံတောင်းခံခဲ့ကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment