Thursday, May 20, 2021

ဂရိ၊ ဆိုက်ပရပ်စ်နှင့် အီဂျစ်နိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဆိုခြင်း

Greekcitytimes; May-19(Wed)

    ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီး ချာရာလမ်ဘိုစ်ပက်ထရက်ဒက်စ် (Charalambos Petrides)၊ ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ်ပန်နာဂျီအိုတိုပိုလက်စ်(Nikos Panagiotopoulos) နှင့် အီဂျစ်ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဇာကီ (Mohamed Zaki) တို့သည် မေလ ၁၉ ရက်တွင် ဆိုက်ပရပ်စ်နိုင်ငံ၊ မြို့တော် နီကိုစီရာ (Nicosia) တွင် တွေ့ဆုံခဲ့ကြပြီး အရှေ့မြေထဲပင်လယ်ဒေသ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးတို့အတွက် ၎င်းတို့၏ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း ခိုင်မာစွာတည်ဆောက်ထားသည့် ပူးပေါင်းဆောင်ရွက် မှုများအား တိုးမြှင့်ရန်နှင့် ၎င်းတို့၏ ဒေသတွင်းပိုမိုကျယ်ပြန့်သည့် အနာဂတ်အတွက် တူညီသည့် စံသတ်မှတ်ချက်များနှင့် ရည်မှန်းချက်များအား အခြားနိုင်ငံများနှင့်အတူ တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဂရိနှင့်ဆိုက်ပရပ်စ်၏ ရေကြောင်းပိုင်နက်၌ တူရကီနိုင်ငံ၏ တရားမဝင်လုပ်ဆောင်မှု၊ တစ်ဖက်သတ်ရန်စမှုများအပြင် အရှေ့မြေထဲပင်လယ်၌ ဒေသတွင်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုလျော့ပါးလာမှုအခြေအနေများအား ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။

    အီဂျစ်ကာကွယ်ရေးဝန်ကြီးကမူ အကြမ်းဖက်မှုများ၊ တရားမဝင်လက်နက် မှောင်ခိုရောင်းဝယ်မှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည် အရေးကိစ္စရပ်များအား ပိုမိုကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ၎င်းတို့နိုင်ငံများ၏ အချုပ်အခြာအာဏာအခွင့်အရေးများနှင့် စည်းလုံးညီညွတ်မှုများ အပေါ် ခြိမ်းခြောက်သည့်လုပ်ဆောင်ချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြ ပါသည်။ ထို့ပြင် ပြည်သူများအပေါ် စစ်ရေးအရ အကြမ်းဖက်မှုများမပြုလုပ်ရန်၊ အခြား နိုင်ငံများ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (UN Convention on the Law of the Sea-UNCLOS) နှင့် အခြားသက်ဆိုင်ရာ သဘောတူညီချက်များအပါအဝင် ကုလသမဂ္ဂပဋိညာဉ်နှင့် နိုင်ငံတကာစည်းမျဉ်းဥပဒေများအပေါ် လေးစားလိုက်နာရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး လာမည့် ၂၀၂၂ ခုနှစ်၌ ၎င်းတို့၏ ၃ နိုင်ငံကာကွယ်ရေးဝန်ကြီးများအဆင့် အစည်းအဝေးအား အီဂျစ်နိုင်ငံ၌ ကျင်းပ ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment