Wednesday, May 26, 2021

တရုတ်သည် မွန်တီနီဂရိုးနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်မည်ဆိုခြင်း

 

              Xinhua; May-27(Thu)

              တရုတ်အနေဖြင့် မွန်တီနီဂရိုးနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်းနှင့် ၎င်းတို့အကြား ခိုင်မာအားကောင်းသည့် နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှုများတည်ဆောက်နိုင်ရန် လက်တွဲလုပ်ဆောင်သွားမည်ဖြစ် ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က မေလ ၂၆ ရက်တွင် ပြောကြား ခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖျင်သည် မွန်တီနီဂရိုးသမ္မတ မီလိုဒိဂျူကာနိုဗင့် (Milo Djukanovic) နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်စဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအား အလေးထားလုပ်ဆောင်သွားရန် အသင့်ဖြစ်နေပြီး ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တရုတ်နှင့် မွန်တီနီဂရိုးတို့အနေဖြင့် မိတ်ဖက် ဆက်ဆံရေး စတင်တည်ဆောက်ချိန်မှစတင်၍ နှစ်နိုင်ငံဘုံအကျိုးစီးပွားနှင့် အခြား ကိစ္စရပ်များအား အလေးထားလုပ်ဆောင်လျက်ရှိပြီး အပြန်အလှန်ကူညီထောက်ပံ့မှု များလုပ်ဆောင်ခဲ့ကြောင်း ရှီကျင့်ဖျင်က ထပ်လောင်းပြောကြားခဲ့ပါသည်။

              တရုတ်နှင့် မွန်တီနီဂရိုး တို့သည် တရုတ်နိုင်ငံ၏ ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှု (Central and Eastern European countries-CEECs) နှင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (Belt and Road Initiative) ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်သော ရလဒ်များရရှိခဲ့ပြီးဖြစ်သည်ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် Covid-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှု များဖြစ်ပေါ်နေစဉ် ကာလများ၌ အပြန်အလှန်ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာကဏ္ဍရပ်များတွင် ကောင်းမွန်သောပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နှင့် မွန်တီနီဂရိုး တို့အနေဖြင့် ကဏ္ဍစုံညှိနှိုင်းဆွေးနွေးမှုများကို အနီးကပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် နိုင်ငံတကာ တရားမျှတမှုများကို ကာကွယ်စောင့်ရှောက်ရန် အတူတကွလက်တွဲ လုပ်ဆောင်သွားသင့်သည်ဟု သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။        

သုံးသပ်ချက်

              တရုတ်နှင့် ဥရောပနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် ကနဦးတွင် အမေရိကန်ကဲ့သို့ ဦးစားပေးခံရသည့် ဆက်ဆံရေးမျိုး မရှိခဲ့သော်လည်း စီးပွားရေး အင်အားကြီးမားလာမှုနှင့်အတူ  နီးကပ်သောဆက်ဆံရေးများ ဖြစ်ပေါ်လာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကြီးထွားမှုသည် များစွာသော ဥရောပနိုင်ငံများကို စွဲဆောင်စည်းရုံးလာနိုင်လာခဲ့ပြီး တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ဥရောပနိုင်ငံများတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် ဥရောပနိုင်ငံများသို့ ဦးတည် လာခဲ့ပါသည်။  ထို့နောက် တရုတ်သည် ၎င်း၏ ဩဇာလွှမ်းမိုးမှုများကို ဥရောပဘက်ထိ ဖြန့်ကျက်နိုင်ရန် ကြိုးပမ်းလာပြီး ထိုင်ဝမ်အပါအဝင် အခြားကိစ္စရပ်များ၌ ဥရောပ နိုင်ငံများ၏ ထောက်ခံမှုများရရှိရန်အတွက် ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံရေးအရ ခိုင်မာအားကောင်းသည့် မိတ်ဖက်ဆက်ဆံရေး တည်ထောက်နိုင်ရန် လုပ်ဆောင်လာခဲ့ ပါသည်။ ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒများအား အကောင်အထည်ဖော်သည့်အနေဖြင့် မွန်တီနီဂရိုးသမ္မတ မီလိုဒိဂျူကာနိုဗင့် (Milo Djukanovic) နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်၍ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားရန် ပြောကြားခဲ့ပါသည်။ တရုတ်နှင့် မွန်တီနီဂရိုးနိုင်ငံတို့သည် ၂၀၀၆ ခုနှစ်တွင် မိတ်ဖက်ဆက်ဆံရေးကို စတင် တည်ထောင်ခဲ့ပါသည်။ အဆိုပါမိတ်ဖက်ဆက်ဆံရေး စတင်ချိန်မှစတင်၍ ၎င်းတို့သည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် အခြားကိစ္စရပ်များအား အလေးထားလုပ်ဆောင်လျက်ရှိပြီး အပြန်အလှန် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်း ရှီကျင့်ဖျင်က အဆိုပါ ဆွေးနွေးမှုအတွင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ညှိနှိုင်းဆွေးနွေးမှုများကို အနီးကပ်လုပ်ဆောင်သွားသင့်ကြောင်းနှင့် နိုင်ငံတကာ တရားမျှတမှုများကို ကာကွယ်စောင့်ရှောက်ရန် အတူတကွ လက်တွဲလုပ်ဆောင်သွား သင့်သည်ဟု ရှီကျင့်ဖျင်က ထပ်လောင်းပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ တရုတ်နှင့် မွန်ဂိုနီကရိုးနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံရေး၊ စီးပွားရေးမှတဆင့် စစ်ဘက်ကဏ္ဍများတွင်ပါ လက်တွဲလုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး တရုတ်အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရန်နှင့် နိုင်ငံရေး ဗျူဟာအသစ်များ လုပ်ဆောင်ရန်အတွက် ဥရောပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

No comments:

Post a Comment