Wednesday, January 13, 2021

အဇာဘိုင်ဂျန်သမ္မတနှင့် တူရကီသမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 TASS; Jan-17(Sun)

              အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီယက် (Ilham Aliyev) နှင့် တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်သမ္မတရုံးက ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ သမ္မတနှစ်ဦးအနေဖြင့် မကြာမီအချိန်အတွင်း အဇာဘိုင်ဂျန် နိုင်ငံ၊ အာဂျ်ဒမ် (Aghdam) မြို့၌ ဖွင့်လှစ်သွားမည့် ရုရှား-တူရကီ ပူးတွဲစောင့်ကြည့်ရေး စင်တာနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါစင်တာသည် အာမေးနီးယား နိုင်ငံနှင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh) ဒေသငြိမ်းချမ်းရေးအား ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အထောက်အကူပြုပေး နိုင်မည်ဖြစ်ကြောင်း၊ အဇာဘိုင်ဂျန်အနေဖြင့် အာမေးနီးယားထံမှ ပြန်လည်ရယူခဲ့သည့် နယ်မြေများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများတွင် ကူညီထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့သည့် တူရကီကုမ္ပဏီများ၏ ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း သမ္မတအလီယက်က တယ်လီဖုန်းပြောဆိုစဉ် အတွင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

          ထို့ပြင် အဇာဘိုင်ဂျန်နိုင်ငံအပေါ် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က အလေးထား ပြောကြားခဲ့ပါသည်။ တူရကီနှင့်ရုရှားတို့သည် အဆိုပါပူးတွဲစောင့်ကြည့်ရေးစင်တာသို့ တပ်ဖွဲ့ဝင် ၆၀ ဦးစီ အသီးသီးစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ပြီးခဲ့သည့်သီတင်းပတ် အတွင်း၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ အဇာဘိုင်ဂျန်သမ္မတ အလီယက်နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန် (Nikol Pashinyan) တို့သည်လည်း နာဂေါ်နို-ကရာဘတ်ခ်ဒေသ၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီချက်မှာ နိုဝင်ဘာလ ၁၀ ရက်မှ စတင်အသက်ဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment