Sunday, January 31, 2021

အစ္စရေးနှင့် ကိုဆိုဗိုတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း

 Timesofisrael; Feb-1 (Mon)

              အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီအက်ရှ်ကန်နာဇီ (Gabi Ashkenazi) နှင့် ကိုဆိုဗိုနိုင်ငံခြားရေးဝန်ကြီး မယ်လီဇာဟာရာဒီနဂျ်စတုဘယ်လာ (Meliza Haradinaj-Stublla) တို့သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ရန် ဖေဖော်ဝါရီလ  ၁ ရက်တွင် ဆွေးနွေးပွဲတစ်ရပ်အား အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်တွင် ပုံမှန်သံတမန်ဆက်ဆံရေးထူထောင်ပြီးသည့်နောက် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ကိုဆိုဗိုသည် အစ္စရေးနိုင်ငံနှင့် ပထမဆုံး အွန်လိုင်းမှတစ်ဆင့် သံတမန်ဆက်ဆံရေးတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်းလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

              အစ္စရေးနှင့် ကိုဆိုဗိုနိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ရန်နှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ဆက်စပ်၍ ပူးတွဲသဘော တူညီချက် ၂ ရပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် နှစ်နိုင်ငံအနေဖြင့် သဘောတူစာချုပ်မိတ္တူများအား အီးမေးလ်မှတစ်ဆင့် အပြန်အလှန်ပေးပို့သွားမည်ဖြစ် ပါသည်။ ကိုဆိုဗိုသည် အနာဂတ်တွင် ၎င်း၏သံရုံးအား အစ္စရေးနိုင်ငံ၊ မြို့တော် ဂျေရုဆလင် (Jerusalem) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းသည် အမေရိကန်နှင့် ဂွါတီမာလာ (Guatemala) ပြီးနောက် ဂျေရုဆလင်မြို့တွင် တတိယမြောက်ဖွင့်လှစ်သည့် နိုင်ငံခြားသံရုံးဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment