Anadolu Agency; Nov-26(Sat)
တူကီယဲလေကြောင်းအာကာသစက်မှုလုပ်ငန်းကုမ္ပဏီ (Turkish Aerospace Industries-TAI) သည် ဖိလစ်ပိုင်လေတပ်သို့ T129 Atak တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက နိုဝင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲလေကြောင်းအာကာသစက်မှုလုပ်ငန်းကုမ္ပဏီသည် စက်ရုံများတွင် စမ်းသပ်မှုလုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက်တွင် ၎င်း၏ ပထမဆုံး Atak တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ဖိလစ်ပိုင်နိုင်ငံသို့ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်သို့ နောက်ထပ် ရဟတ်ယာဉ် ၂ စီးကိုလည်း ထပ်မံပေးပို့ခဲ့ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြ ခဲ့ပါသည်။ စမ်းသပ်မှုအဆင့် ၂ ဆင့် (Phase II) ဖြင့် ထုတ်လုပ်ထားသော ရဟတ်ယာဉ် များ၏ လက်ခံစမ်းသပ်မှုများအား ဖိလစ်ပိုင်လေတပ်၌ စမ်းသပ်ပြီးစီးပါက ဒီဇင်ဘာလ ၃ ရက်တွင် အပြီးသတ်ပေးပို့သွားရန် မျှော်မှန်းထားပါသည်။
ဖိလစ်ပိုင်နိုင်ငံနှင့် တူကီယဲလေကြောင်းအာကာသစက်မှုလုပ်ငန်းတို့အကြား ချုပ်ဆိုထားသည့် T129 Atak တိုက်ခိုက်ရေးရဟတ်ယာဉ် ၆ စီး ဝယ်ယူရေးဆိုင်ရာ သဘောတူစာချုပ်များအရ တူကီယဲသည် ဖိလစ်ပိုင်နိုင်ငံသို့ တတိယနှင့်စတုတ္ထမြောက် ရဟတ်ယာဉ်များကိုပေးပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောရဟတ်ယာဉ် ၂ စီးကို ၂၀၂၄ ခုနှစ်တွင် ပေးပို့သွားမည်ဖြစ်ပါသည်။ TAI သည် မကြာသေးမီလများအတွင်း တူကီယဲလုံခြုံရေး တပ်ဖွဲ့များထံ ရဟတ်ယာဉ် ၇၃ စီးပေးပို့ခဲ့ပြီး ဖိလစ်ပိုင်လေတပ်သို့ ပထမဆုံး ရဟတ်ယာဉ် ၂ စီးပေးပို့ခဲ့ခြင်းကြောင့် စုစုပေါင်းအရေအတွက်မှာ ၇၅ စီးအထိ ရှိလာ ခဲ့ပါသည်။ လာမည့် ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံသို့ T129 Atak တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး ပို့ဆောင်ပြီးပါက TAI ကုမ္ပဏီ၏ ရဟတ်ယာဉ်ထုတ်လုပ်သည့် စုစုပေါင်း အရေအတွက်မှာ ၇၇ စီးရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဖိလစ်ပိုင်အစိုးရသည် အမရိကန်ဒေါ်လာ ၁၂.၉ ဘီလီယံ (ဖိလစ်ပိုင်ပီဆို ၂၆၉ သန်း) တန်ဖိုးရှိ T129 တိုက်ခိုက်ရေးရဟတ်ယာဉ် ၆ စီး ဝယ်ယူရေးဆိုင်ရာသဘောတူ စာချုပ်ကို တူရကီလေကြောင်းအာကာသစက်မှုလုပ်ငန်း (Turkish Aerospace Industries) နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက် အရ ပထမဆုံး ၂ စီးကို ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်တွင် တူကီယဲနိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့ခဲ့ပြီး တတိယနှင့် စတုတ္ထမြောက်ရဟတ်ယာဉ်များကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပေးပို့သွားမည်ဖြစ်ကာ ကျန် ၂ စီးကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ပေးပို့သွားမည်ဖြစ် ပါသည်။ T129 ရဟတ်ယာဉ်သည် အင်ဂျင် ၂ လုံးတပ်၊ နှစ်ယောက်မောင်း၊ ဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရာသီမရွေး စစ်ဆင်နိုင်စွမ်းရှိပါသည်။ ထို့ပြင် တင့်ဖျက်စစ်ဆင်ရေး၊ ကင်းထောက်ခြင်း၊ မြေပြင်တိုက်ခိုက်ရေး၊ မြေပြင်ပစ်ကူ ပေးခြင်းနှင့် တာတိုလေကြောင်းကာကွယ်ရေးစသည့် ကဏ္ဍမျိုးစုံတွင်လည်း အသုံးပြု နိုင်ပါသည်။ အလားတူ ပူပြင်း၍ ပထဝီအနေအထားအရ ကြမ်းတမ်းသည့်ဒေသများ တွင်လည်း နေ့ရောညပါ တိုက်ခိုက်ရေးနှင့် ကင်းထောက်စစ်ဆင်ရေးများဆောင်ရွက် နိုင်စေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပါသည်။ ၎င်းသည် အရွယ်အစားအားဖြင့် ၁၄.၅၄ မီတာရှည်ကာ အမြင့် ၃.၄ မီတာရှိ၍ အများဆုံးအလေးချိန် ၅,၀၅၆ ကီလိုဂရမ်ဖြင့် ပျံတက်နိုင်ပြီး အမြန်ဆုံးတစ်နာရီလျှင် ၂၈၁ ကီလိုမီတာနှုန်းဖြင့် အမြင့် ၄,၅၇၂ မီတာအထိ ပျံတက်နိုင်ကာ အကွာအဝေး ၅၃၇ ကီလိုမီတာအထိ စစ်ဆင်နိုင်ပါသည်။ လေကြောင်း ပစ်ကူအတွက် ကျည် ၅၀၀ ပါသည့် ပြောင်းသုံးခုပါ ၂၀ မီလီမီတာ စက်အမြောက် တစ်ခုကို ရှေ့တွင်တပ်ဆင်ထားပြီး ၇၀ မီလီမီတာ ပဲ့ထိန်းမဲ့ရော့ကတ် ၇၆ လုံးအထိ တပ်ဆင်နိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တူကီယဲနိုင်ငံထုတ် T129 ရဟတ်ယာဉ်များကို ပထမဦးဆုံးအသုံးပြုသည့် ပြင်ပနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တူကီယဲနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အခြားသောကာကွယ်ရေးပစ္စည်းဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အနာဂတ်ကာလများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ဖိလစ်ပိုင်၏ ကာကွယ်ရေးကဏ္ဍများသည် ခိုင်မာအားကောင်းလာစေနိုင်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

Atak တိုက်ခိုက်ရေးရဟတ်ယာဉ်ပုံ
No comments:
Post a Comment