RMX News;Nov-24(Thu)
ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ (EU) ၏ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှား နိုင်ငံ၏စီးပွားရေးတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်းမရှိသော်လည်း ဟန်ဂေရီနိုင်ငံတွင် ဟန်ဂေရီသုံးငွေကြေး ဖိုရင့် ၄,၀၀၀ ဘီလီယံ (ယူရို ၉.၇၅ ဘီလီယံခန့်) ဆုံးရှုံးခဲ့ရ ကြောင်း ဟန်ဂေရီဒုတိယဝန်ကြီးချုပ် ဇော့ရှန်မီ (Zsolt Semjén) က ပြောကြားခဲ့သည်ဟု RMX News သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုအား ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပေါ်ကိုသာ ဝေဖန်အပြစ်တင်ရန် မသင့်ကြောင်းနှင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခစတင်ဖြစ်ပွားချိန်တွင် ဓာတ်ငွေ့ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၀၀ အထိမြင့်တက်လာခဲ့သော်လည်း ဥရောပသမဂ္ဂက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ စတင်ချမှတ်သည်နှင့်တစ်ပြိုင်နက် ဓာတ်ငွေ့ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀ နှင့် ၃၅၀ အကြားထိ မြင့်တက်လာခဲ့ကြောင်း ဇော့ရှန်မီက ထောက်ပြပြောကြားခဲ့ပါသည်။
အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများချမှတ်လျက်ရှိသော်လည်း ရုရှား နိုင်ငံအနေဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ရေနံများ လွတ်လပ်စွာရောင်းချလျက်ရှိ ကြောင်းနှင့် စွမ်းအင်ဈေးနှုန်းများမှာ နှစ်ဆမြင့်တက်လျက်ရှိသည့်အတွက် ရုရှားနိုင်ငံ၏ စွမ်းအင် ရောင်းချရမှုလျော့နည်းလာခဲ့မည်ဆိုပါကလည်း ၎င်း၏ဝင်ငွေကို လျော့နည်း စေမည်မဟုတ်ကြောင်း ဇော့ရှန်မီက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် အီးယူအနေဖြင့် ဥရောပနိုင်ငံသားများကို ကာကွယ်နိုင်ရန်အတွက် အရေးယူပိတ်ဆို့မှု ချမှတ်ရေးမူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်သွားရန် လိုအပ်ကြောင်းနှင့် ဟန်ဂေရီနိုင်ငံ အနေဖြင့် မိမိပြည်သူများအတွက် စွမ်းအင်ထောက်ပံ့မှုနှင့် နိုင်ငံစီးပွားရေးအပေါ် အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမဆို ထောက်ခံသွားမည်မဟုတ်ကြောင်းကိုလည်း ဇော့ရှန်မီက ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment