Wednesday, November 2, 2022

ပိုလန်နိုင်ငံသည် ပိုလန်-ရုရှား နယ်စပ်တစ်လျှောက်တွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံလျက်ရှိခြင်း

Tass; Nov-2(Wed)

ပိုလန်စစ်ဘက်မှ မြေပြင်အင်ဂျင်နီယာများနှင့် စစ်ဘက်တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသနှင့် ထိစပ်လျက်ရှိသည့် နယ်နိမိတ်တွင် ယာယီသံဆူးကြိုးစည်းရိုးများကို စတင်တည်ဆောက်လျက်ရှိကြောင်း ပိုလန်ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) က နိုဝင်ဘာလ ၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။ ခြံစည်းရိုးသည် အမြင့် ၂.၅ မီတာရှိပြီး အကျယ် ၃ မီတာရှိကာ ကမ္ဘာတစ်ဝန်းရှိ စစ်ဘက် များမှအသုံးပြုသည့် သံဆူးကြိုးသုံးဆင့်ပါဝင်မည်ဖြစ်ကြောင်း မာရွတ်ဇ်ဘလက်ဇက်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံဘက်ခြမ်းတွင် တိရစ္ဆာန်များအား အကာအကွယ် ပေးရေးအတွက် ခြံစည်းရိုးအတားအဆီးတစ်ခုထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။

ရုရှားလေကြောင်းအာဏာပိုင်အဖွဲ့သည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ ဝင်ရောက်နိုင်ရန် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ ကာလီနင်ဂရက်ဒေသသို့ လေကြောင်းခရီးစဉ်များ စတင်ပျံသန်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် အထက်ပါခြံစည်းရိုး ကာရံခြင်းအစီအစဉ်ကို ပိုလန်အစိုးရက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကဲ့သို့ နယ်စပ်တွင် ခြံစည်းရိုးကာရံခြင်းဖြင့် ပိုလန်၏ နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း မာရွတ်ဇ်ဘလက်ဇက်က ပြောကြားခဲ့ပါသည်။ ပိုလန်စစ်ဘက်တပ်ဖွဲ့ဝင် များသည် ပိုလန်-ဘီလာရုဇ်နယ်စပ်၌ ခြံစည်းရိုးအတားအဆီးတည်ဆောက်ခဲ့ရာတွင် အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် သံဆူးကြိုးခြံစည်းရိုးဆောက်လုပ်ခြင်းကို လျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပိုလန်သည် ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် ရွှေ့ပြောင်းသွားလာမှုများ ဝင်ရောက်မှုအကျပ်အတည်းကြောင့် ဘီလာရုဇ်နယ်စပ်၌ ၁၈၆ ကီလိုမီတာရှည်လျားသည့် ခြံစည်းရိုးအသစ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပါသည်။ ၎င်းခြံစည်းရိုးသည် အမြင့် ၅.၅ မီတာရှိပြီး လှုပ်ရှားမှုကင်မရာများနှင့် အာရုံခံကိရိယာများအပါအဝင် ခေတ်မီစောင့်ကြည့်ကိရိယာ များကိုလည်း တပ်ဆင်ထားပါသည်။ ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့သည် ရုရှားနိုင်ငံ ကာလီနင်ဂရက်ဒေသနှင့် နယ်စပ်တွင် အီလက်ထရွန်းနစ်ခြံစည်းရိုးတည်ဆောက်ရန် အတွက် အောက်တိုဘာလအစောပိုင်းတွင် ရန်ပုံငွေရရှိခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့ပါသည်။ ပိုလန်သည် ဘီလာရုဇ်နှင့် ၄၁၈ ကီလိုမီတာ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ရုရှားနှင့် ကုန်းတွင်းနယ်နိမိတ် ကီလိုမီတာ ၂၁၀ ထိစပ်လျက်ရှိကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

ပိုလန်နိုင်ငံသည် ဘီလာရုဇ်နှင့် ၄၁၈ ကီလိုမီတာ နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီး ရုရှားနှင့် ကုန်းလမ်းနယ်နိမိတ် ကီလိုမီတာ ၂၁၀ ထိစပ်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ဘီလာရုဇ်-ဥရောပသမဂ္ဂ နယ်နိမိတ်အကျပ်အတည်း သည် အီရတ်ရှိ ကာဒစ်စတန်လူမျိုးများမှ လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် ပိုလန် နိုင်ငံများသို့ ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် သောင်းနှင့်ချီကာ ဝင်လာခဲ့သဖြင့် ပေါ်ပေါက် လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပိုလန်နိုင်ငံသည် အဆိုပါအခက်အခဲအား ဖြေရှင်းနိုင်ရန် ဘီလာရုဇ်နယ်စပ်၌ ၁၈၆ ကီလိုမီတာရှည်လျားသည့် ခြံစည်းရိုးအသစ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပါသည်။ အဆိုပါခြံစည်းရိုးသည် ၅.၅ မီတာမြင့်ပြီး လှုပ်ရှားမှုကင်မရာများနှင့် အာရုံခံကိရိယာများအပါအဝင် ခေတ်မီစောင့်ကြည့်ကိရိယာ များကိုလည်း တပ်ဆင်ထားပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တင်းမာမှုများ မြင့်တက်နေခြင်းနှင့်အတူ ၂၀၂၁ ခုနှစ်တွင် ဘီလာရုဇ်နိုင်ငံနှင့် ဖြစ်ပေါ်ခဲ့သည့် ရွှေ့ပြောင်း ဒုက္ခသည်များဆိုင်ရာ ပဋိပက္ခများ ထပ်မံဖြစ်ပေါ်လာမည်ကိုလည်း ပိုလန်က စိုးရိမ် ပူပန်လျက်ရှိပါသည်။ ရုရှားနှင့် ၎င်း၏မဟာမိတ် ဘီလာရုဇ်နိုင်ငံတို့သည် ဥရောပနိုင်ငံ များကို မတည်မငြိမ်ဖြစ်စေရေးအတွက် မျိုးစပ်စစ်ပွဲ (Hybrid Warfare) များဖန်တီးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ့ပြောင်းအခြေချနေထိုင်သူများကို အသုံးပြုလျက်ရှိသည်ဟု ပိုလန်နိုင်ငံက ယူဆလျက်ရှိပါသည်။ ထိုစဉ် ရုရှားနိုင်ငံသည် အာဖရိကနှင့် အာရှမှ ရွှေ့ပြောင်းနေထိုင်သူများကို ဖြတ်သန်းသွားလာနိုင်ရေးအတွက် အကူအညီများပေးအပ်ရန် ဆုံးဖြတ်ခဲ့ရာ ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသနှင့် ထိစပ်လျက်ရှိသည့် နယ်နိမိတ်တွင် ပိုလန်နိုင်ငံက သံဆူးကြိုးစည်းရိုးကို စတင်တည်ဆောက်လျက်ရှိပါသည်။ အဆိုပါခြံစည်းရိုးသည် အမြင့် ၂.၅ မီတာရှိပြီး အကျယ် ၃ မီတာရှိကာ ကမ္ဘာတစ်ဝန်းရှိ စစ်ဘက်များမှ အသုံးပြုသည့် သံဆူးကြိုးသုံးတန်းပါဝင်မည်ဖြစ်ပါသည်။ ပိုလန်စစ်ဘက် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဘီလာရုဇ်နယ်စပ်တွင် အလားတူ ခြံစည်းရိုးကာရံခြင်းကို ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိသဖြင့် အချိန်ကာလနည်းစွာဖြင့် တည်ဆောက် ပြီးစီးနိုင်ပါသည်။ ပိုလန်သည် ဘီလာရုဇ်နှင့် ရုရှားနယ်စပ်တို့တွင် နယ်စပ်ခြံစည်းရိုးများ ကာရံခြင်းဖြင့် နိုင်ငံအတွက် အခက်အခဲတစ်ခုဖြစ်သည့် ရွှေ့ပြောင်းအခြေချနေထိုင်သူ အခက်အခဲကို ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဆောင်ရွက်ချက်သည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအား တည်တံ့ခိုင်မြဲစေနိုင်သော်လည်း ရုရှားနှင့် ဆက်ဆံရေးအား ပိုမိုဆိုးရွားသွားနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment