Al Arabiya; Nov-20(Sun)
ပိုလန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း Przewodow အမည်ရှိ ဒုံးကျည် တစ်စင်းပျက်ကျခဲ့ပြီးနောက် ၎င်း၏ ဝေဟင်ပိုင်နက်ကို လုံခြုံမှုရှိစေရန်အတွက် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုသွားရန် ဂျာမနီနိုင်ငံက ကမ်းလှမ်းခဲ့ ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတီးလန်းဘရတ်ချ် (Christine Lambrecht) က နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု Al Arabiya သတင်းဝဘ်ဆိုက်က ဖော်ပြ ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းထိန်းသိမ်းကြပ်မတ်မှုများ ဆောင်ရွက်နိုင်ရန် ပိုလန်နိုင်ငံသို့ ယူရိုတိုက်လေယာဉ်များ (Eurofighters) ဖြင့် အကူအညီများ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ဂျာမနီအစိုးရက ပြောကြားထားပြီး ၎င်းဖြစ်စဉ်ကြောင့် လက်ရှိဖြစ်ပွားလျက်ရှိသော ယူကရိန်းစစ်ပွဲစစ်မီးများ နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။
ထို့ပြင် ဂျာမနီနိုင်ငံသည် ၎င်း၏ယူရိုတိုက်လေယာဉ်များနှင့် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ဖြင့် ပိုလန်နိုင်ငံ၏ ဝေဟင်ပိုက်နက်ကို လုံခြုံမှုရှိစေရေးဆောင်ရွက် နိုင်ရန်အတွက် ကမ်းလှမ်းထားပြီးဖြစ်ကြောင်းလည်း လန်းဘရတ်ချ်က Rheinische Post သတင်းစာနှင့် General Anzeiger သတင်းဝဘ်ဆိုက်သို့ ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပိုလန်နိုင်ငံ၌ ပျက်ကျခဲ့သည့် အဆိုပါဒုံးကျည်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး ရုရှား၏ တိုက်ခိုက်မှုထက် ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေး စနစ်က ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဂျာမနီ စစ်ဘက်၌ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၁၂ ခုရှိပြီး ၂ ခုမှာ ဆလိုဗက်ကီးယား (Slovakia) နိုင်ငံ၌ တပ်ဖြန့်ချထားလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment