Tuesday, November 1, 2022

နိုင်ငံ၏ဝေဟင်ပိုင်နက်အတွင်း ဝင်ရောက်လာသည့် မောင်းသူမဲ့လေယာဉ်များအား ပစ်ချသွားရန် ဆားဘီးယားသမ္မတက အမိန့်ပေးခဲ့ခြင်း

Anadolu Agency; Nov-2 (Wed)

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည် ကိုဆိုဗိုနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသများတွင် မောင်းသူမဲ့လေယာဉ်များ (UAV) တွေ့ရှိခဲ့ပြီးနောက် ဆားဘီးယားစစ်ဘက်အား နိုင်ငံ၏ဝေဟင်ပိုင်နက်အတွင်းရှိ အဆိုပါ မောင်းသူမဲ့လေယာဉ်များကို ပစ်ချဖျက်ဆီးရန်အတွက် နိုဝင်ဘာလ ၁ ရက်တွင် အမိန့် ထုတ်ပြန်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သမ္မတ ဘူစစ် အနေဖြင့် မောင်းသူမဲ့လေယာဉ်များအား တိုက်ခိုက်ရန်အတွက် MiG-29 အမျိုးအစား တိုက်လေယာဉ်များအား စေလွှတ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ မြေပြင်ဇုန်အတွင်းရှိ တပ်စခန်း ၁ ခုနှင့် စစ်တန်းလျား ၂ ခုအား မှတ်တမ်း တင်နေသည့် ဒရုန်းများအား တွေ့ရှိခဲ့ခြင်းကြောင့် ဆားဘီးယားဝေဟင်ပိုင်နက်အား ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်သွားရန် သမ္မတ ဘူစစ်က အမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားအစီအစဉ်တွင် ဝန်ကြီးချုပ် အန်နာဘာနဘစ် (Ana Brnabic) က ပြောကြားခဲ့ပါသည်။ 
 ထို့ပြင် အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားလာပါက မည်သည့်လေယာဉ်မဆို ပစ်ချသွားမည်ဖြစ်ပြီး သတင်းထုတ်ပြန်သွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဘာနဘစ် က ဆက်လက်ပြောကြားခဲ့ပါသည်။ ကားလိုင်စင်ပြားကိစ္စရပ်နှင့်ပတ်သက်၍ ကိုဆိုဗိုနှင့် တင်းမာမှုများမြင့်တက်နေစဉ် ဆားဘီးယားစစ်ဘက်တပ်ဖွဲ့များအား တပ်လှန့်နှိုးဆော် ထားကြောင်း ကာကွယ်ရေးဝန်ကြီး မီလိုဘူစီဗစ် (Milos Vucevic) က ပြောကြားခဲ့ပါသည်။ ဆားဘီးယားစစ်ဘက်အနေဖြင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအပါအဝင် ဆားဘီးယား လူမျိုးများအား လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘူစီဗစ်က Happy TV သတင်းဌာနအား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment