တူရကီနိုင်ငံအနေဖြင့် နိုင်ငံကာကွယ်ရေးအတွက် ပြည်ပထုတ်စစ်လက်နက် ပစ္စည်းများအပေါ် မှီခိုနေရမှုအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၉ ရက်တွင် ကတိပြုပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ကာကွယ်ရေးကဏ္ဍကို ပြည်ပနိုင်ငံများ အပေါ် မှီခိုနေရမှုမှ လုံးဝလွတ်မြောက်သွားသည်အထိ ကာကွယ်ရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ပြုလုပ်သည့် A400M အမျိုးအစား မဟာဗျူဟာမြောက် သယ်ယူ ပို့ဆောင်ရေးလေယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လေယာဉ်ရုံဖွင့်ပွဲ အခမ်းအနား၌ အထက်အပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံ၏ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဆိုပြုမှုအား ငြင်းဆန်ခဲ့သည့်နိုင်ငံအချို့အပေါ် သမ္မတ အာဒိုဂန်က ပြစ်တင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment