Tuesday, July 13, 2021

တူရကီ ဒီမိုကရေစီနှင့် ကာခ့် PKK ပဋိပက္ခ

 ပဋိပက္ခဖြေရှင်းရေးနှင့် ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဆောင်ရေးကြား (Consolidation) ဆက်နွှယ်မှုသည် ပဟေဠိတစ်ခုဖြစ်သည်။ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းမှုသည် ဒီမိုကရေစီခိုင်မာစေရေးအကူအညီဖြစ်သည်ဟု ယူဆချင်စဖွယ်ပင်။ သို့သော်လက်တွေ့တွင် ရှုပ်ထွေးမှုများ၊ ဆန့်ကျင်ဘက်ဖြစ်နေမှုများ ရှိနေသည်။

တူရကီနိုင်ငံ၏ ကာ့ခ်ပဋိပက္ခဖြေရှင်းမှုသည် ဒီမိုကရေစီ ခိုင်မာအောင်လုပ် ဆောင်ရေးအပေါ် မူတည်လိမ့်မည် ဟု မျှော်လင့်ကြလိမ့်မည်။ လက်တွေ့တွင်မူ မှတ်တမ်းများက အခြားအရာများကို ညွှန်ပြလျက်ရှိသည်။

ဒီမိုကရေစီ ဆိတ်သုဉ်းမှု၊ လက်နက်ကိုင် ပဋိပက္ခမွေးဖွားလာခြင်း

မူရင်းအတိုင်းဆိုပါက တူရကီနိုင်ငံတွင်း ဒီမိုကရေစီဆိတ်သုဉ်းမှုသည် လူမျိုးရေးကွဲပြားမှုကို မီးထိုးပေးသည်ဟု ယူဆ စရာရှိသည်။ ၁၉၈၀ ပြည့်နှစ် စစ်အာဏာသိမ်းမှုနောက်တွင် တူရကီနိုင်ငံတွင်း အမျိုးသားရေးဝါဒ ပြင်းထန်လာခဲ့သည်။ ယင်းအာဏာရှင် အမျိုးသားရေးဝါဒသည် အခြားသောအမျိုးသားများ၊ လူမျိုးရေး အမှတ်လက္ခဏာများကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ပြီး ကာ့ခ်အမျိုးသားရေး ဝါဒနှင့် ကာ့ခ်လက်နက်ကိုင် အဖွဲ့ကာ့ခ် အလုပ်သမားပါတီ (PKK) ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပေါ်ထွန်းလာရေး မီးလောင်ရာ လေပင့် ပေးခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ဒီမိုကရေစီသို့ တရားဝင်ကူးပြောင်းခဲ့သော်လည်း ဒီမိုကရေစီချို့တဲ့မှုဒဏ်ကို ၁၉၈၀ နှင့် ၉၀ ပြည့်လွန်နှစ်များတွင် တူရကီနိုင်ငံ ခံစားခဲ့ရသည်။ သီးခြား အမှတ်လက္ခဏာရှိကြောင်း (Identity) ကာ့ခ်များ တောင်းဆိုသည်ကို ဒီမိုကရက်တစ် အင်စတီကျူးရှင်းများထံသို့ လမ်းလွှဲပေးရမည့်အစား တူရကီနိုင်ငံတော် အဖွဲ့အစည်းများက တောင်းဆိုမှုကို အစဉ်အမြဲ ငြင်းပယ်ဖိနှိပ်ခဲ့သည်။ ဥပမာအားဖြင့် ကာ့ခ်ဘာသာစကားကို နိုင်ငံတော်အဖွဲ့အစည်းများ၊ အများပြည်သူ အသုံးပြုမှုများကို ၁၉၃၀ ပြည့်လွန်နှစ်များကတည်းက တားမြစ်ထား ခဲ့သော်လည်း ကာ့ခ်ဘာသာအသုံးပြုမှု ပိတ်ပင်သည့် ဥပဒေကို ၁၉၈၃ ခုနစ်တွင်မှ ထုတ်ပြန်ခဲ့သည် (၁၉၉၁ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည် ) တူရကီ အရှေ့တောင်ပိုင်းရှိ ကာ့ခ်ဒေသအများစုကို စစ်ဇုန်များအဖြစ် တူရကီ စစ်တပ်ပြောင်းလဲခဲ့ကာ ယင်းဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်။
ကာခ့်လက်နက်ကိုင်အဖွဲ့ PKK ကို ၁၉၇၇ ခုနှစ်တွင် တရားဝင်တည်ထောင်လိုက်ပြီး ၁၉၈၄ ခုနှစ်တွင် စစ်ရေးလှုပ်ရှားမှုများလုပ်လာကာ တူရကီအစိုးရကလည်း စစ်ရေးအရတုံ့ပြန်သည့်အခါ အခြေအနေ ပိုဆိုးသွား သည်။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အန်ကာရာ လုပ်ဆောင်သည့် များစွာသော နည်းလမ်းများ ဥပမာအားဖြင့် ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ထုတ်ပြန်ခြင်း၊ ၁၉၉၁ ခုနှစ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေထုတ်ပြန်ခြင်း တို့သည် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှု၊ တူရကီနိုင်ငံတော်နှင့် ကာ့ခ် လူမျိုးများကြား မယုံကြည်မှုတိုးပွားလာမှုဆီသို့သာ ဦးတည်စေခဲ့သည်။ ယင်းနောက်တွင် အဆိုးကျော့ သံသရာ ပေါ်လာသည်။ ကာ့ခ်အမှတ်လက္ခဏာဖိနှိပ်မှုသည် လက်နက်ကိုင်ပဋိပက္ခကို တိုးပွားစေပြီး ပဋိပက္ခ ဖြေရှင်းရေးနှင့် ဒီမိုကရေစီ ခိုင်မာရေးလုပ်ဆောင်ရမည့်အစား ယင်းကဲ့သို့ တိုးပွားလာမှုကို အကြောင်းပြပြီး ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများကို အာဏာရ အီလိခ်များက ပိုအသုံးပြုလာသည်။

အဆိုးကျော့မှသည် ကောင်းမြတ်မှု သံသရာသို့

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် တူရကီစတင်လုပ်ဆောင်လာသည့်အခါ အဆိုးကျော့သံသရာမှ ကောင်းမြတ်မှု သံသရာသို့ စတင်ပြောင်းလဲလာခဲ့သည်။ ကိုပင်ဟေဂင်နိုင်ငံရေး သတ်မှတ်ချက်နှင့်အညီ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ရှိရမည့် ဒီမိုကရေစီအဆင့်အတန်း သတ်မှတ်မှု၊ ၁၉၉၉ ခုနှစ်တွင်PKK ခေါင်းဆောင် အဒူလာအိုကလန်ကို ဖမ်းဆီးနိုင်မှု၊ ကာခ့်များ ၏ စစ်ရေးရှုံးနိမ့်မှုတို့ကြောင့် ယင်းပြုပြင်ပြောင်းလဲမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါဖြစ်ပေါ်တိုးတက်မှုများကြောင့် အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရေးအတွက် ပေးဆပ်ရမှုများ လျော့ကျစေခဲ့သည်။

ကာ့ခ်များအတွက် အသံလွှင့်ရုံများထူထောင်ခွင့်၊ ၎င်းတို့၏ ကလေးငယ်များကို ကာ့ခ်ဘာသာဖြင့် နာမည်ပေး ခွင့်၊ သီးသန့်စာသင်ကြားမှုများတွင် ကာ့ခ်ဘာသာ သုံးခွင့်ပြုခဲ့သည်။ အခြားသော အထွေထွေဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုဖြစ်သည့် သေဒဏ်ပေးမှုဖျက်သိမ်းခြင်း၊ နိုင်ငံတော်အရေးပေါ်အခြေအနေထုတ်ပြန်မှုကို ရုပ်သိမ်းခြင်းတို့ကလည်း ကာ့ခ်တို့၏ဘဝများအပေါ် ကြီးစွာသက်ရောက်ခဲ့သည်။

ယင်းကဲ့သို့သော နိုင်ငံတော်ရေးရာ တိုးတက်မှုများသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကသာမက ယင်းမှ တစ်ပါး အခြားသောဒေသများအပေါ် ကျင့်သုံးသည့် တူရကီနိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်စေခဲ့ သည်။ ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလတွင် အီရတ်ကာ့ခ်ဒေသအပေါ် တူရကီစစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း စိုးရိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ တူရကီနှင့် ကာခ့်ဒေသ ဆိုင်ရာ အစိုးရအဖွဲ့ကြား စီးပွားရေးနှင့် နိုင်ငံရေးဆက်သွယ်မှု လွန်စွာကောင်းမွန်ခဲ့သည်။ ပြည်တွင်းတွင် ငြိမ်းချမ်းမှုသစ်ရရှိလာခြင်းကြောင့်လည်း ဒေသတွင်းအရေးတွင် တူရကီ၏ အနေအထားခိုင်မာလာသည်။

ယင်းယုံကြည်ချက်ကြောင့်လည်း ၂၀၀၆ ခုနှစ် အစ္စရေးနှင့် ဆီးရီးယားကြား စေ့စပ်မှု၊ ၂၀၀၉ ခုနှစ် ဆီးရီးယား နှင့် အီရတ်ဆွေးနွေးမှုတို့တွင် တူရကီဝင်ရောက်စေ့စပ်ပေးနိုင်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ဆီးရီးယား၊ အီရတ်တို့ နှင့် ပူးပေါင်းရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဒီမို ကရေစီနှင့် အစ္စလာမ်ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်မှုကို တူရကီက ယင်းနှစ်များအတွင်း ထူးထူးခြားခြားပြသနိုင်ခဲ့ခြင်း၊ အခြားသောဒေသတွင်း နိုင်ငံများအတွက် စံနမူနာအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းကို အနောက်တိုင်းက ချီးကျူးခဲ့သည်။ ပြည်တွင်းတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတို့ တစ်ပြိုင်တည်းတိုးတက်နေသည်ဟု ရှုမြင်ခံခဲ့ရသည်။

တုံ့ဆိုင်းခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ပြန်ဖြစ်ခြင်း

၂၀၀၄ ခုနှစ်တွင် ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးမှုဆီမှ တူရကီနောက်လန်ကျလာသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းလားရာပိုမိုသိသာလာသည်။ ၂၀၀၄ ခုနှစ်တွင် PKK တိုက်ခိုက်မှုများ ပြန်လည် စတင် လာကာ ၂၀၀၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းကာလများတွင် တိုက်ခိုက်မှု ပြင်းထန်လာသည်။

ယင်းဖြစ်ရပ်များအရ တူရကီဒီမိုကရေစီ လျော့ရဲလာခြင်းနှင့် ကာခ့်ပဋိပက္ခ ပြင်းထန်လာခြင်းတို့ကြား တိုက်ရိုက်ဆက်နွှယ်နေသည်ဟု ယူဆရန်ရှိသော်လည်း လက်တွေ့မှာ ယင်းထက်ရှုပ်ထွေးသည်။ ၂၀၀၉ ခုနှစ်တွင် တူရကီ ဒီမိုကရေစီ တုံ့ဆိုင်းနေပြီဖြစ်ကာ ကာ့ခ်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တစ်ရပ်ကို တရားမျှတမှုနှင့် ဖွံ့ဖြိုးရေးပါတီ (AKP) အစိုးရ စတင်ခဲ့သည်။ သို့သော်လည်း အဓိကအတိုက်အခံ ပါတီများဆန့်ကျင်ခြင်း၊ အီရတ် မြောက်ပိုင်းရှိ လက်နက်ကိုင်မထားသည့် PKK သူပုန် ၃၈ ဦး တူရကီအရှေ့တောင်ပိုင်းသို့ ဝင်ရောက်လာမှုကို လူထုက ဝမ်းမြောက်စွာ လက်ခံကြိုဆိုခြင်းကို တူရကီပြည်သူအများစု လက်မခံနိုင်ခြင်း တို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် အရေးနိမ့်သွားသည်။ တူရကီဒီမိုကရေစီ နောက်ကြောင်းပြန်မှု အားကောင်း သည့် ၂၀၁၂-၁၃ ခုနှစ်များတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည် စတင်ခဲ့သေးသည်။ ယင်းဆွေးနွေးမှုများ လုပ်ဆောင်နေစဉ်ပင် ဒီမိုကရေစီနှင့် အခြေခံ အခွင့်အရေးဆုံးရှုံးမှုတို့ကြောင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဂီဇီပန်းခြံ၌ ဆန္ဒပြပွဲကြီးများ လုပ်ဆောင်ခဲ့သည်။

လက်နက်ကိုင်တိုက်ပွဲတွင် ထိခိုက်သေဆုံးမှု များလာခြင်း၊ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စတင်လာပြီး နောက်ပိုင်း ဆီးရီးယားနိုင်ငံတွင်း လွတ်လပ်သည့် ကာ့ခ်ဒေသ ပေါ်ထွန်းလာနိုင်သည့် အလားအလာရှိခြင်း တို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တူရကီအစိုးရ ပြန်လည်အသက်သွင်းခဲ့သည်။ ၂၀၀၉ ခုနှစ်ကနှင့် မတူဘဲ အဓိကအတိုက်အခံ CHP ပါတီအပါအဝင် တူရကီလူ့အဖွဲ့အစည်းအသီးသီးက ငြိမ်းချမ်းရေးဆွေးနွေးမှု ကို ကြိုဆိုခဲ့သည်။ ယင်းဆွေးနွေးမှုသည် အောင်ပွဲရလုနီးပါးဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် တူရကီပါလီမန် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်မူတွင် တူရကီသမ္မတ အာဒိုဂန်အာဏာ ကန့်သတ်ရေးကို အဓိက မဲဆွယ်ကတိ အဖြစ် ကာ့ခ်လိုလားသော ပြည်သူ့ဒီမိုကရက်တစ်ပါတီ (HDP) သတ်မှတ်လိုက်ခြင်းကြောင့် AKP နှင့် ကာ့ခ် HDP ပါတီ ကြားတင်းမာမှု တိုးပွားလာကာ ငြိမ်းချမ်း ရေးဆွေးနွေးမှု ကျရှုံးသွားသည်။

ပဋိပက္ခ-ဒီမိုကရေစီ ဒွိဟ

ဒီမိုကရေစီ ခိုင်မာအောင်လုပ်ဆောင်ရေးနှင့် ပဋိပက္ခဖြေရှင်းရေးကြား ထူးခြားသည့် ဆက်နွှယ်မှုရှိသည်ကို တူရကီ ငြိမ်းချမ်းရေးဖြစ်စဉ်လားရာများက ပြသလျက်ရှိသည်။ တူရကီဒီမိုကရေစီ တစ်သမတ်တည်း အခြေအနေဆိုးရွားနေချိန်တွင် ပဋိပက္ခဖြေရှင်းမှုလားရာ ပိုမိုခိုင်မာလာသည်။ ယင်းလားရာကို ယနေ့တွင်ပင် တွေ့နေရသည်။ နိုင်ငံအဆင့် ဒီမိုကရက် တိုက်ဇေးရှင်း ဖြစ်စဉ်ပေါ်လာအောင်စောင့်မည့်အစား တူရကီသမ္မတ အာဒိုဂန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိအောင် လုပ်ဆောင်ရန်ထင်ရှားသည့် ကာခ့်အုပ်စုအချို့ လိုလားလျက်ရှိကြောင်း ၂၀၁၇ ခုနှစ်တွင် အစ္စတန်ဘူ မူဝါဒစင်တာက ကောက်ယူသည့်စစ်တမ်းတွင် ဖော်ပြထားသည်။ တူရကီတစ်နိုင်ငံလုံး ဒီမိုကရေစီအကျပ်အတည်း ကြုံတွေ့နေရချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပုံမှန်လုပ်ဆောင်ရန် ယင်းအုပ်စုများက တောင်းဆိုလျက်ရှိသည်။ ဒီမိုကရေစီခိုင်မာအောင် လုပ်ဆောင်ရေး တောင်းဆိုသည်ထက် တူရကီနိုင်ငံ၏ အာဏာရှင်ဆန်သည့်ခေါင်းဆောင် အာဒိုဂန်နှင့် စေ့စပ်ပြီး ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်ရန် ယင်းတို့က လိုလားလျက်ရှိသည်။

ဒီမိုကရေစီပြုပြင်ရေး တောင်းဆိုမှု၊ အာဒိုဂန်၏သမ္မတစနစ်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကာ့ခ် HDP ဆန့်ကျင်မှုတို့မှတစ်ဆင့် ထင်မထားသည့် လားရာများပေါ်ထွက်လာခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်ဆိုင်းသွားခြင်း တို့ ဖြစ်ပေါ်ပြီးနောက်တွင် အချို့သော ကာ့ခ် ခေါင်းဆောင်များက ၎င်းတို့၏ နည်းဗျူဟာများကို ပြန်လည် ချိန်ညှိခဲ့ကြသည်။

ကာခ့်များ၏ မဟာမိတ်အဖြစ် အစဉ်အမြဲ သတ်မှတ်ထားသည့် တူရကီ အဓိက အတိုက်အခံပါတီ CHP ပါတီထံသို့ ဦးလှည့်ရမည့်အစား လက်ရှိတွင် အာဏာရ AKP ပါတီကို ကြားဝင်စေ့စပ်သူအဖြစ် ကာ့ခ် ကိုယ်စားလှယ်အများစု လက်ခံလာပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ကာခ့်များအတွက် နာကျင်ရသည့် သင်ခန်းစာများပေးခဲ့ပြီးဖြစ်သည်။ ဒီမိုကရက်တိုက်ဇေးရှင်း ပေါ်ပေါက်စေရန် (ကာခ့်များ) တင်းတင်းမာမာဖိအားပေးမှုသည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ၎င်းတို့သင်ခန်းစာ ရလိုက်သည်။

အာဒိုဂန်သည် လက်ရှိတွင် ၂၀၀၉ သို့မဟုတ် ၂၀၁၂ ခုနှစ်ကထက် နိုင်ငံရေးအရ ပိုမိုအားကောင်းနေကာ အတိုက်အခံများမှာ သိသိသာသာ အားပျော့လျက်ရှိသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်မှု၊ အလျှော့ပေးမှုများ လုပ်ဆောင်ရန် အာဒိုဂန် ယခင်ကထက် ပိုမိုအခြေအနေ ကောင်းနေပြီဖြစ်သည်။ ထို့အပြင် မီဒီယာနှင့် အရပ် ဘက်လူ့အဖွဲ့အစည်းပေါ် တင်းတင်းမာမာ ကန့်သတ်ထားသဖြင့် ယင်းလုပ်ငန်းစဉ် များကို ဆန့်ကျင်ရေး ပိုခက်နေသည်။

နိဂုံး

ဒီမိုကရေစီနှင့် (နိုင်ငံတစ်ခုတွင်းတွင်သာ ဖြစ်ပွားနေသည့်) ပဋိပက္ခဖြေရှင်းမှုကြား ဆက်နွှယ်မှုတွင် အချက်သုံးချက် ရှိနေသည်ကို ကာ့ခ်ပဋိပက္ခနှင့် တူရကီ၏ ရှေ့တိုးနောက်ဆုတ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ညွှန်ပြလျက်ရှိသည်။

ပထမအချက်မှာ ဒီမိုကရေစီနှင့် အခြေခံ လွတ်လပ်ခွင့်ကင်းမဲ့မှု၊ လူမျိုးရေး လက္ခဏာများကို ဖိနှိပ်မှုတို့သည် တည်ဆဲ လူမျိုးရေးတင်းမာမှုကို လက်နက်ကိုင်ပဋိပက္ခဆီသို့ တွန်းပို့နိုင်သော်လည်း ယင်း ပဋိပက္ခအဆုံးစွန်ထိ ဖြေရှင်းရေးသည် ဒီမိုကရေစီ ခိုင်မာအားကောင်းရေးအပေါ် မှီခိုနေရန်မလိုဆိုသည့် အချက်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတွင်းဖြစ်ပွားသည့် ပဋိပက္ခဖြေရှင်းရေး ကနဦးအဆင့်များတွင် ဒီမိုကရေစီသည် ငြိမ်းချမ်းမှု အတွက် မဖြစ်မနေ လိုအပ်ချက်မဟုတ်ပေ။ တူရကီဖြစ်စဉ်တွင် ဒီမိုကရေစီတုံ့ဆိုင်းနေချိန်၌ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ပဋိပက္ခများဖြစ်ပွားနေသည့် လူ့အဖွဲ့အစည်းများတွင် လူမျိုးရေးပဋိပက္ခများသည် ဒီမိုကရေစီ ခိုင်မာစေရေး အတားအဆီး မဟုတ်သည်ကို ပြသလျက်ရှိသည်။ တစ်ဖန် ပဋိပက္ခ ယာယီရပ်ဆိုင်းမှုသည် တူရကီ ဒီမိုကရေစီ တိုးတက်ရေးအပေါ် သက်ရောက်မှု မရှိသည်ကို ပြသထားပြီးဖြစ်သည်။

ဒုတိယအချက်မှာ ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဆောင်ရေးကိုစတေးပြီး အာဏာရှင်ဆန်သည့် သို့မဟုတ် အမတ်နေရာအများစု အသာစီးရထားသည့် အစိုးရနှင့် သဘောတူညီချက်များချုပ်ဆိုရေး ပဋိပက္ခတွင် ပါဝင်နေသူများ လိုလားသည်ဆိုသည့်အချက်ဖြစ်သည်။ အချို့သော ကာ့ခ်အုပ်စုများသည် ယင်းမဟာဗျူဟာ ကျင့်သုံးရန် တောင်းဆိုလျက်ရှိကာ ဒီမိုကရေစီနှင့် လူမျိုးစုပဋိပက္ခအကြား ဆက်နွှယ်မှုကို ဖြတ်တောက်လျက် ရှိသည်။

တတိယအချက်မှာ လူမျိုးစုကြား ပဋိပက္ခဖြေရှင်းမူ စတင်ခြင်းနှင့် ၎င်းလုပ်ငန်းစဉ် ရေရှည်တည်မြဲရေးတို့ကြား ခွဲခြားထားရန်လိုအပ်သည်ကို တူရကီဖြစ်စဉ်က ပြသလျက်ရှိသည်။ ငြိမ်းချမ်းရေး ရေရှည်တည်မြဲနိုင်မှု အခြေမခိုင်သည့်အခါတွင် ပဋိပက္ခဖြေရှင်းရေးအတွက် ဒီမိုကရေစီအရေးပါမှု တိုးပွားလာသည်။ တစ်နည်း အားဖြင့်ဆိုရလျှင် ငြိမ်းချမ်းရေးရပြီးချိန်တွင် ဒီမိုကရေစီမရှိပါက ယင်းငြိမ်းချမ်းရေး ထိန်းသိမ်းထား ရန် ခက်ခဲမည်။ ယနေ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် တွန်းအားပေးသည့် ခိုင်မာသော (အာဏာရှင်ဆန်သည့်) ခေါင်းဆောင်မှုသည် မနက်ဖြန် နိုင်ငံရေး အကျိုးအမြတ်ရရှိရေး ပဋိပက္ခပေါ်လာစေ ရန် အလွယ်တကူ မီးထိုးပေးနိုင်သည်။ အလားတူ ပဋိပက္ခဖြေရှင်းရေး ကနဦးအစီအစဉ်များသည် ကာလအလယ်အလတ်နှင့် ရေရှည်ကာလတွင် အခြေခံလွတ်လပ်ခွင့်ကန့်သတ်ခြင်း၊ ဥပဒေစိုးမိုးမှု ကျဆင်းခြင်း တို့ကြုံတွေ့ပါက လူမျိုးရေးတင်းမာမှုကို ဆက်လက်ရှင်သန်စေကာ၊ လူ့အဖွဲ့အစည်းအတွင်း တင်းမာမှု တိုးမြင့်စေမည်ဖြစ်ပြီး ကနဦးအစီအစဉ်များကိုပါ ကျဆုံးစေနိုင်သည်။

ထို့အပြင် ငြိမ်းချမ်းရေး ရေရှည်ထိန်းထားရေးတွင် ပြဿနာများ ရှိနေပါ က အဆိုပါတိုင်းပြည်ကို အထိအခိုက်မခံ နိုင်ဖြစ်စေမည်ဖြစ်ကာ ပြည်တွင်းပဋိပက္ခသည် သက်ဆိုင်ရာနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်လာပါက နိုင်ငံခြားရေးမူဝါဒ နယ်ပယ်တွင်ပါ အားနည်းစေမည်။ တူရကီနိုင်ငံတွင်းရှိ ကာ့ခ်ပဋိပက္ခကို ဖြေရှင်းနိုင် မှုမရှိခြင်းကြောင့် ဆီးရီးယားအရေးမူဝါဒချမှတ်ရာတွင် တူရကီခေါင်းဆောင်များတွင် အကန့်အသတ်ရှိနေသည်။ ဆီးရီးယားနိုင်ငံတွင်းရှိ ကာခ့်ဒီမိုကရက် တစ်သမဂ္ဂပါတီ (PYD) ကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများက ထောက်ခံထားသော်လည်း ယင်းဆီးရီးယားကာ့ခ်အဖွဲ့သည် တူရကီကာ့ခ် PKK နှင့် အတူတူသာ ဖြစ်သည်ဟု အန်ကာရာက သတ်မှတ်ထားခြင်းကြောင့် အနောက်နိုင်ငံများနှင့် ရပ်တည်ချက် ကွာခြားနေသည်။ ထို့ကြောင့် အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ တိုက်ခိုက်ရေး တူရကီကို အားပျော့စေသည်။ ကာခ့်ခွဲထွက်ရေးလှုပ်ရှားမှုအပေါ် အလွန်အကျွံကြောက်ရွံ့နေခြင်းကြောင့် တူရကီ၏တောင်ပိုင်း အိမ်နီး ချင်းနိုင်ငံများအပေါ် နိုင်ငံခြားရေးမူဝါဒ အမြင် ကြီးကြီးကျယ်ကျယ် ချမှတ်နိုင်ခြင်းမရှိပေ။

No comments:

Post a Comment