ရန်ကုန်စတော့အိပ်ချိန်း (YSX) မှာ ရှိတဲ့ စတော့တွေကို ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲ။
YSX မှာရှိတဲ့ စတော့တွေကို အရောင်းအဝယ်လုပ်တယ်ဆိုတာ YSX ကိုသွားမယ်၊ လိုချင်တဲ့ ရှယ်ယာကို အော်ဒါတင်မယ်၊ ငွေချေမယ်၊ ရှယ်ယာရမယ် ဒီလောက်မရိုးရှင်းပါဘူး။ YSX မှာ အရောင်းအဝယ်လုပ်ဖို့အတွက် ပထမဦးဆုံး ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities account) ရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ စတော့အကျိုးဆောင်ကုမ္ပဏီ (၆) ခု ရှိပြီး အဲဒီထဲက တစ်ခုနဲ့ ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်နိုင်ပါတယ်။
YSX မှာ အရောင်းအဝယ်ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။
လိုင်စင်ရ စတော့ရှယ်ယာအကျိုးဆောင်ကုမ္ပဏီကို ရွေးပါ။
ပထမဦးဆုံး ကိုယ်အသုံးပြုချင်တဲ့ စတော့ရှယ်ယာအကျိုးဆောင်ကုမ္ပဏီကို ရွေးပါ။ မြန်မာနိုင်ငံမှာ စတော့အကျိုးဆောင် ဝန်ဆောင်မှုပေးရန်အတွက် အကျိုးဆောင်လိုင်စင်ရရှိထားတဲ့ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Companies) (၆) ခု ရှိပါတယ်။ စတော့အကျိုးဆောင်ကုမ္ပဏီများကို ဒီမှာနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
ငွေချေးသက်သေခံလက်မှတ် အရောင်းအဝယ်စာရင်း ဖွင့်ပါ။
အကျိုးဆောင်ကုမ္ပဏီကို ရွေးချယ်ပြီးရင် ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်ဖို့ လိုအပ်ပါလိမ့်မယ်။ ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်ရန်အတွက် များသောအားဖြင့် အဲဒီကုမ္ပဏီကို လူကိုယ်တိုင် သွားဖို့လိုပါတယ်။
ငွေချေးသက်သေခံလက်မှတ်စာရင်းကို အခမဲ့ဖွင့်နိုင်ပါတယ်။ မှတ်ပုံတင်၊ ဘဏ်စာရင်းအသေးစိတ် စတဲ့ စာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်ပါတယ်။ ဘဏ်စာရင်းရှိဖို့လည်း လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ရဲ့ ဘဏ်စာရင်းဖြစ်ရပါမယ်။
စာရင်းဖွင့်ဖို့ လိုအပ်တဲ့အချက်အလက်နဲ့ လုပ်ငန်းစဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါ။
စာရင်းကို ငွေဖြည့်ပါ။
စာရင်းထဲကို ငွေဖြည့်ဖို့လည်း လိုပါတယ်။ ဆိုလိုတာကတော့ ငွေစုဘဏ်အပ်ငွေစာရင်းထဲကို ငွေသွင်းသလိုပဲ ဒီစာရင်းထဲကို ငွေသွင်းဖို့ လိုပါတယ်။ ငွေသွင်းပြီးရင်တော့ ရှယ်ယာတွေဝယ်ဖို့အတွက် အသုံးပြုနိုင်ပါပြီ။ ရှယ်ယာတွေကို ရောင်းထုတ်လိုက်တယ်ဆိုရင်လည်း ရောင်းလို့ရတဲ့ငွေတွေက ဒီစာရင်းထဲကို ဝင်နေမှာပါ။ အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ပေးရတဲ့ဝန်ဆောင်ခအမျိုးမျိုးကိုလည်း ဒီစာရင်းထဲကပဲ ဖြတ်သွားပါလိမ့်မယ်။
ကိုယ့်လက်ထဲမှာ ရှယ်ယာတစ်ချို့ ရှိနှင့်နေပြီးသားဆိုရင် ဒီရှယ်ယာတွေကို ငွေချေးသက်သေခံလက်မှတ်စာရင်းအသစ်ထဲမှာ ဆန္ဒရှိတယ်ဆိုရင် ထည့်သွင်းထားနိုင်ပါတယ်။
စတော့ဝယ်ဖို့အတွက် အော်ဒါတင်ပါ။
အခုငွေချေးသက်သေခံလက်မှတ်စာရင်း ရှိပြီဆိုတော့ စတော့ရှယ်ယာတွေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါပြီ။
အခုလောလောဆယ်မှာတော့ YSX ကနေ ဝယ်ယူနိုင်တဲ့ စတော့ (၆) ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့ စတော့ကို ရွေးချယ်ပြီး ကိုယ့်ရဲ့အကျိုးဆောင်ဆီမှာ အော်ဒါတင်ရပါမယ်။ တစ်ချို့အကျိုးဆောင်တွေဆီမှာ အော်ဒါတင်လို့ရတဲ့ အွန်လိုင်းအရောင်းအဝယ်ပလက်ဖောင်း ဒါမှမဟုတ် မိုဘိုင်းအပ်ပလီကေးရှင်းရှိပါတယ်။
အော်ဒါအမျိုးအစား (၂) မျိုး ရှိပါတယ်။
- ကန့်သတ်အော်ဒါ (Limit order) – ကန့်သတ်အော်ဒါက ကိုယ်ဆန္ဒရှိတဲ့ဈေးနှုန်းမှာ အရောင်းအဝယ်ပြုလုပ်ဖို့အတွက် ဈေးနှုန်းကို ရွေးချယ်ပြီး အော်ဒါတင်ပေးရပါတယ်။ အဝယ်ဆိုရင် ကိုယ့်ရဲ့ကန့်သတ်ဈေးနှုန်းအတိုင်း သို့မဟုတ် ပိုနည်းတဲ့ဈေးနှုန်းရောက်မှသာ အရောင်းအဝယ်ဖြစ်မှာပါ။ အရောင်းဆိုရင် ကိုယ့်ရဲ့ ကန့်သတ်ဈေးနှုန်းအတိုင်း သို့မဟုတ် ပိုများတဲ့ဈေးနှုန်းရောက်မှသာ အရောင်းအဝယ်ဖြစ်မှာပါ။
- ဈေးကွက်အော်ဒါ (Market order) – ဈေးကွက်အော်ဒါဆိုတာက ဘယ်ဈေးရမှ ရောင်းမယ်၊ ဝယ်မယ် မသတ်မှတ်ထားဘဲ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းဖို့၊ ဝယ်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့သဘောပါ။ ရရှိနိုင်တဲ့ အကောင်းဆုံးဈေးတစ်ခုမှ အရောင်းအဝယ်ဖြစ်သွားပါလိမ့်မယ်။ ဒီဈေးက ကိုယ်အော်ဒါတင်ခဲ့တဲ့ ဈေးနှုန်းနဲ့လည်း ကွာခြားနိုင်ပါတယ်။
အကျိုးဆောင်ကနေတစ်ဆင့် အော်ဒါတင်ပြီးရင် အကျိုးဆောင်က ကိုယ့်ရဲ့အော်ဒါကို သူတို့ရဲ့ တခြားဖောက်သည်တွေရဲ့ အော်ဒါတွေနဲ့အတူ YSX မှာ အော်ဒါပို့ပေးပါလိမ့်မယ်။
ယေဘုယျအားဖြင့် ဈေးကွက်ဖွင့်ထားတဲ့အချိန်တွေမှာ အော်ဒါတင်လို့ရသလို ဈေးကွက်မဖွင့်ခင်မှာလည်း ကြိုတင်အော်ဒါတင်လို့ ရပါတယ်။ အော်ဒါတင်လို့ရတဲ့အချိန်တွေကတော့ အကျိုးဆောင်နဲ့ အော်ဒါတင်တဲ့နည်း (ဥပမာ – ဖုန်း သို့မဟုတ် အွန်းလိုင်းဖြင့်) အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ရှယ်ယာဝယ်မှာဆိုရင် စာရင်းထဲမှာ ငွေအလုံအလောက်ရှိဖို့ လိုပါတယ်။ ရှယ်ယာရောင်းမှာဆိုရင်တော့ စာရင်းထဲမှာ ရှယ်ယာအလုံအလောက်ရှိဖို့ လိုပါတယ်။
နောက်တစ်ကြိမ် Matching Time ကို စောင့်ပါ။
YSX မှာ မနက် ၉ နာရီခွဲကနေ နေ့လည် ၁ နာရီအထိ ရုံးဖွင့်ရက်တိုင်း အော်ဒါတွေကို လက်ခံပေးပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ အခြားအစိုးရရုံးပိတ်ရက်တွေတော့ ပိတ်ပါတယ်။
YSX မှာ တစ်ရက်ကို အရောင်းအဝယ်တွဲချိန် (Matching Time) (၇) ကြိမ် ရှိပါတယ်။ မနက် ၁၀ နာရီ၊ ၁၀း၃၀ နာရီ၊ ၁၁ နာရီ၊ ၁၁း၃၀ နာရီ၊ နေ့လည် ၁၂ နာရီ၊ မွန်းလွဲ ၁၂း၃၀ နာရီ၊ မွန်းလွဲ ၁ နာရီ ဖြစ်ပါတယ်။
ဒီ Matching time တွေမှာ YSX က အရောင်းအော်ဒါနဲ့ အဝယ်အော်ဒါတွေကို ကိုက်ညီအောင် တွဲပေးပါတယ်။ အော်ဒါမှာလည်း ဦးစားပေးအဆင့်တွေ ရှိပါတယ်။ ဈေးကွက်အော်ဒါကို ကန့်သတ်အော်ဒါထက် ပိုပြီး ဦးစားပေးပါတယ်။ ကန့်သတ်အော်ဒါတွေကလည်း ဈေးနှုန်းအပေါ်မူတည်ပြီး ဦးစားပေးတာတွေ ရှိပါတယ်။ ဈေးနှုန်းတူနေရင်လည်း အော်ဒါတင်တဲ့အချိန်အပေါ်မူတည်ပြီး ဦးစားပေးသွားပါတယ်။
အော်ဒါတိုင်းကတော့ အရောင်းနဲ့အဝယ် အမြဲတမ်း ကိုက်ညီနေမှာတော့ မဟုတ်ပါဘူး။ ကိုယ်တင်ထားတဲ့ အော်ဒါနဲ့ ကိုက်ညီတာမရှိရင် အရောင်းအဝယ်ဖြစ်မြောက်မှာ မဟုတ်ပါဘူး။
ဥပမာ – ကုမ္ပဏီ (A) အတွက် ရှယ်ယာအခု ၁၀၀ ဝယ်ချင်ပေမယ့် ကုမ္ပဏီ (A) အတွက် ရှယ်ယာအခု ၁၀၀ ကို ရောင်းချင်တဲ့လူ တစ်ယောက်မှ မရှိဘူးဆိုရင် ဒီအော်ဒါက ကိုက်ညီမှုရှိမှာ မဟုတ်ပါဘူး။ အရောင်းအဝယ်လည်း ဖြစ်မှာ မဟုတ်ပါဘူး။
ကန့်သတ်အော်ဒါမှာလည်း ဒီလိုပါပဲ။ လိုချင်တဲ့ဈေးနဲ့ ပေးချင်တဲ့သူမရှိရင် အရောင်းအဝယ်ဖြစ်မှာ မဟုတ်ပါဘူး။
အော်ဒါကိုက်ညီမှုရှိသွားပြီဆိုရင် စာရင်းရှင်းလင်းသည့်နေ့ T+3
အော်ဒါတွဲသွားပြီဆိုရင် အရောင်းအဝယ်က ပြီးမြောက်သွားပါပြီ။
ဒါပေမယ့် စာရင်းရှင်းလင်းသည့်နေ့ (Settlement date) လို့ခေါ်တဲ့ စတော့နဲ့ ငွေ အပြီးအပိုင် လွှဲပြောင်းခြင်းလုပ်ငန်းစဉ်က ချက်ချင်းမဖြစ်ပါဘူး။ YSX ကတော့ T+3 ဆိုတဲ့ စာရင်းရှင်းလင်းလွှဲပြောင်းမှုအစီအစဉ်ကို သုံးပါတယ်။
T ဆိုတာ လွှဲပြောင်းတဲ့နေ့ (Transaction date) ကို ဆိုလိုပါတယ်။ လွှဲပြောင်းခြင်းများ ပြီးဆုံးဖို့ကတော့ လွှဲပြောင်းတဲ့နေ့ကစပြီး နောက် ၃ ရက် (အစိုးရ ရုံးဖွင့်ရက်) ကြာပါတယ်။
လွှဲပြောင်းခြင်းများပြီးဆုံးဖို့ ၃ ရက်ကြာပေမယ့် ဒီအော်ဒါကို ဖျက်သိမ်းလို့ မရတော့ပါဘူး။
အဝယ်အော်ဒါတင်ထားရင် ၃ ရက်ကြာတဲ့အခါ ရှယ်ယာတွေ ရရှိပါလိမ့်မယ်။ ဒီမတိုင်ခင်မှာ ငွေချေးသက်သေခံလက်မှတ်စာရင်းကနေ ငွေကို နုတ်ယူပြီးသား ဖြစ်ပါလိမ့်မယ်။
အရောင်းအော်ဒါဆိုရင်တော့ ဒီရှယ်ယာတွေကို ပိုင်ဆိုင်တော့မှာ မဟုတ်ပါဘူး။ ရောင်းလို့ရတဲ့ ငွေတွေကလည်း ငွေချေးသက်သေခံလက်မှတ်စာရင်းထဲကို ၃ ရက် နေမှ ရောက်မှာပါ။
ဥပမာ – တနင်္ဂလာနေ့မှာ ရှယ်ယာတွေကို ရောင်းထုတ်လိုက်တယ်ဆိုရင် ကြာသပတေးနေ့မှာ စာရင်းထဲကို ငွေတွေ ဝင်နေပါလိမ့်မယ်။ ကြာသပတေးနေ့မှာ ဝယ်ယူလိုက်တယ်ဆိုရင် အင်္ဂါနေ့မှာ စာရင်းထဲကို ရှယ်ယာတွေဝင်နေပါလိမ့်မယ်။
အော်ဒါကိုက်ညီမှုမရှိဘူးဆိုရင်
အော်ဒါက အရောင်းအဝယ်မဖြစ်ဘူးဆိုရင် နောက် Matching time တွေမှာ ကိုက်ညီဖို့အတွက် YSX မှ လုပ်ဆာင်ပေးပါလိမ့်မယ်။ ကိုက်ညီမှုမရှိလို့ အော်ဒါဖျက်သိမ်းချင်တယ်ဆိုရင်လည်း ဖျက်သိမ်းနိုင်ပါတယ်။
အော်ဒါအများစုကတော့ တစ်ရက်ပဲ အကျုံးဝင်ပါတယ်။ အော်ဒါက တစ်နေကုန်တဲ့အထိ ကိုက်ညီမှုမရှိရင် သက်တမ်းကုန်သွားပါလိမ့်မယ်။ နောက်နေ့မှာ ထပ်ပြီး အရောင်းအဝယ်လုပ်ချင်ရင်တော့ အော်ဒါထပ်တင်ဖို့ လိုပါတယ်။
တစ်ချို့အကျိုးဆောင်တွေကလည်း “good till” ဆိုတဲ့ အော်ဒါတွေကို တင်ခွင့်ပြုထားပါတယ်။ ဒီလိုအော်ဒါတွေက တစ်ပတ်အထိ သို့မဟုတ် အော်ဒါတင်ပြီးနောက်ပိုင်း ရုံးဖွင့်ရက် ၈ ရက်အထိ အကျုံးဝင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုမျိုး လုပ်လို့ရမလားဆိုတာကိုလည်း ကိုယ့်ရဲ့အကျိုးဆောင်ကို မေးမြန်းကြည့်ပါ။
အရောင်းအဝယ်အတွက် ဝန်ဆောင်ခ
အရောင်းအဝယ်လုပ်တဲ့သူတွေက အောင်မြင်တဲ့အရောင်းအဝယ်တိုင်းအတွက် ကော်မရှင်ခ ပေးဆောင်ရပါတယ်။ ဒီဝန်ဆောင်ခတွေကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar – SECM) မှ သတ်မှတ်တာဖြစ်ပါတယ်။ အဝယ်အော်ဒါဆိုရင် အစိုးရကိုပေးရတဲ့ တံဆိပ်ခေါင်းဖိုးပါ ထည့်သွင်းပေးဆောင်ရပါတယ်။
No comments:
Post a Comment