Greekherald; Jul-4 (Sun)
မည်သည့် ပြင်ပပုဂ္ဂိုလ်များ၏ ညွှန်ကြားမှုကိုမျှ လက်ခံလိုက်နာမည်မဟုတ် ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၂ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ လာမည့် ဇူလိုင်လ ၂၀ ရက်တွင် သွားရောက်ရန်စီစဉ်ထားသည့် တူရကီသမ္မတ၏ ဆိုက်ပရပ်စ်ချစ်ကြည်ရေးခရီးစဉ်အတွင်း သိုသိပ်စွာနေထိုင်သွားရန် ဥရောပသမဂ္ဂခေါင်းဆောင်များက အကြံပြုပြောကြားခဲ့ပြီးနောက် သမ္မတ အာဒိုဂန်၏ တုံ့ပြန်သတိပေးမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဇူလိုင်လ ၂၀ ရက်သည် ၁၉၇၄ ခုနှစ် ဆိုက်ပရပ်စ်အား တူရကီကျူးကျော်မှု နှစ်ပတ်လည် အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ တူရကီအစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ အကြံပြုချက် များကို နားထောင်မည်မဟုတ်ကြောင်း၊ အရှေ့မြေထဲပင်လယ်နှင့် ဆိုက်ပရပ်စ် အထူး သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) အတွင်း မြေငလျင်တိုင်းတာမှု များနှင့်ရေနံတူးဖော်မှုများကို ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီ၏ ရည်မှန်းချက်သည် ဓာတ်ငွေ့ထုတ်ယူနိုင်ရေးဖြစ်သည့် အတွက် မိမိတို့ပိုင်ဆိုင်သော အရှေ့မြေထဲပင်လယ်နှင့် ဆိုက်ပရပ်စ်အတွင်း ဓာတ်ငွေ့ တူးဖော်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ဇွန်လ ၂၄ နှင့် ၂၅ ရက်တွင် ကျင်းပခဲ့သည့် ဥရောပသမဂ္ဂထိပ်သီး အစည်းအဝေးတွင် တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းမရှိခြင်းကြောင့် တူရကီအနေဖြင့် အရှေ့မြေထဲပင်လယ်ဒေသတွင် ရေနံတူးဖော်မှုဆိုင်ရာကိစ္စရပ်များကို နောက်ဆုတ်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment