Ahvalnews; Jul-4(Sun)
ရုရှားနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား အပြုသဘောဆောင်သည့် ဆက်ဆံရေး တည်ဆောက်ရာတွင် လက်ရှိလုပ်ဆောင်လျက်ရှိသည့် ရုရှားနှင့် တူရကီနိုင်ငံတို့၏ ဆက်ဆံရေးအား အတုယူသင့်ကြောင်း ရုရှားသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ (Dmitry Peskov) က ဇူလိုင်လ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိ တွင် တူရကီနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သော်လည်း ရုရှားနှင့် တူရကီ နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအခြေအနေသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် အကောင်းဆုံးအတုယူရမည့် ဉပမာတစ်ခုပင်ဖြစ်ကြောင်း ပက်စ်ကော့က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်းမှစတင်၍ ရုရှားနှင့် တူရကီနိုင်ငံတို့ အကြား ဆက်ဆံရေးအခြေအနေသည်တိုးတက်လာခဲ့ပြီး အထူးသဖြင့် တူရကီအနေဖြင့် ရုရှားနိုင်ငံမှထုတ်လုပ်သည့် မြေပြင်မှဝေဟင်ပစ် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များဝယ်ယူရန် ဆုံးဖြတ်ခဲ့မှုအပေါ်တွင် အမေရိကန်ဦးဆောင်သည့် နေတိုး အဖွဲ့ဝင်နိုင်ငံများမှ ကန့်ကွက်မှုများပြုလုပ်ခဲ့ပါသည်။
ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဆက်ဆံရေးအခြေအနေကောင်းမွန်လျက်ရှိ သော်လည်း တူရကီအနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း၌ဖြစ်ပွားခဲ့သည့် ရုရှားနှင့် ယူကရိန်းအရေးကိစ္စတွင် ရုရှားကျောထောက်နောက်ခံပြုအဖွဲ့များအပေါ် ထိရောက်စွာ တိုက်ခိုက်မှုများပြုလုပ်နိုင်ရန်အတွက် ယူကရိန်းစစ်ဘက်တပ်ဖွဲ့ဝင်များဘက်သို့ လက်နက် တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်များအား ထောက်ပံ့ပေးခဲ့သည်အထိ ယူကရိန်း ဘက်မှ ရပ်တည်မှုများပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် နေတိုးနှင့် ဆက်ဆံရေးကောင်းမွန်လာစေရန်ဆောင်ရွက်လျက်ရှိပြီး တူရကီနိုင်ငံနှင့်လည်း ဒေသတွင်း လုံခြုံမှုရှိစေရန် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအား ပြုလုပ်လျက်ရှိကြောင်း ပက်ကော့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် တူရကီနိုင်ငံသည် ၎င်း၏အချုပ်အခြာ အာဏာနှင့် နယ်စပ်ဒေသများကို အပြည့်အဝကာကွယ်ရန်နှင့် ဆီးရီးယားမှတိုက်ခိုက် လာနိုင်သော ဒုံးကျည်များကိုကာကွယ်ရန် ရည်ရွယ်၍ ရုရှားနိုင်ငံမှထုတ်လုပ်သည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဝယ်ယူရန်ဆုံးဖြတ်ခဲ့ပါသည်။ သို့သော်လည်း အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တူရကီနှင့်ရုရှားနိုင်ငံတို့ အကြား ကာကွယ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လိုလားခြင်း မရှိသဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များ ဝယ်ယူရန်ဆုံးဖြတ်ခဲ့သည့် တူရကီနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခြင်းများလုပ်ဆောင်ခဲ့ ပါသည်။ တူရကီသည် နေတိုးတပ်ဖွဲ့အတွင်း အင်အားကြီးနိုင်ငံများအနက် တစ်ခု အပါအဝင်ဖြစ်ရာ ရုရှားနှင့်တူရကီအကြား နီးကပ်သောဆက်ဆံရေးရှိခြင်းသည် နေတိုး အဖွဲ့အတွက် အဓိကစိုးရိမ်မှုတစ်ခုဖြစ်လာခဲ့ပါသည်။ လက်ရှိတွင်လည်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့က ရုရှားနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးတည်ဆောက်ရာတွင် ရုရှားနှင့် တူရကီနိုင်ငံ တို့၏ဆက်ဆံရေးအား အတုယူသင့်ကြောင်း ပြောကြားမှုများပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံ အနေဖြင့် ရုရှားနှင့် ဂျာမနီနိုင်ငံတို့အကြား တည်ဆောက်လျက်ရှိသည့် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းအရေးကိစ္စရပ်များ၊ ရုရှားနှင့် ချက်နိုင်ငံတို့မှ နှစ်နိုင်ငံသံတမန် များအား အပြန်အလှန်နှင်ထုတ်မှုကိစ္စရပ်များအပြင် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီ (Alexei Navalny) အရေးကိစ္စရပ်တွင်လည်း အမေရိကန်ဦးဆောင် သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါအငြင်းပွားမှုကိစ္စရပ်များအား ပြေလည်မှုရရှိစေရန်အတွက် ရုရှားနိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးအခြေအနေကောင်းများရရှိစေရန် ဆောင်ရွက်လာနိုင်မည်ဆိုပါက ၎င်း၏ မဟာမိတ် တူရကီနိုင်ငံနှင့်လည်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား ယခုထက်ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment