Thursday, January 5, 2023

တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း

Trend;Jan-5(Thu)

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား ရရှိထားသောသဘောတူညီချက်အရ ၎င်းတို့ နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးအား လက်ခံထားရှိလျက် ရှိပြီး နိုင်ငံအတွင်း အဆိုပါဒုက္ခသည်များအရေးဆိုင်ရာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြမ်းဖက် နှိမ်နင်းရေးဆိုင်ရာစစ်ဆင်ရေးများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသောကြောင့် နှစ်နိုင်ငံ အကြားဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပေါ်လျက်ရှိသော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကို၌ ရုရှား၊ တူကီယဲနှင့် ဆီးရီးယားကာကွယ်ရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ပြီးနောက်တွင် တူကီယဲနှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာက ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခြင်း သည် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း တူကီယဲကာကွယ်ရေး ဝန်ကြီးက ဆက်လက်ပြောကြားထားပါသည်။ တူကီယဲအစိုးရအနေဖြင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများဖြေရှင်းနိုင်ရေး ဆောင်ရွက် ခြင်းမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ထိုသို့ဆောင်ရွက်ချက်များမှာ တူကီယဲအစိုးရ၏ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ် သော်လည်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment