တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) တို့သည် ယူကရိန်း နိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့သည်ဟု တူကီယဲသမ္မတရုံးက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့ နှစ်ဦးသည် ယူကရိန်းကောက်ပဲသီးနှံများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အခြားသော နိုင်ငံများသို့ ဘေးကင်းစွာတင်ပို့နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိသည့် ကောက်ပဲသီးနှံစင်္ကြံ (grain corridor) နှင့်စပ်လျဉ်း၍ လက်ရှိဖြစ်ပွားနေသည့်အခြေအနေများ၊ တူကီယဲမှ ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်မှု၊ စွမ်းအင် ထောက်ပံ့ပေးမှုတို့နှင့်စပ်လျဉ်း၍လည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ တူကီယဲအနေဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး ကြားဝင်စေ့စပ်ပေးရန် အသင့်ဖြစ်သည်ဟုလည်း အာဒိုဂန်က အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment