Friday, January 20, 2023

အမေရိကန်သည် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိသွားမည်ဆိုခြင်း

East Bay Times; Jan-21(Sat)

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို အနည်းဆုံး ၉ လကြာ ဆက်လက်ထားရှိ သွားရန်စီစဉ်ထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဇန်နဝါရီလ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု East Bay Times သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အမေရိကန်သည် ပြီးခဲ့သည့်နွေရာသီကတည်းက ရိုမေးနီးယားရှိ လေတပ်အခြေစိုက်စခန်း၌ အမှတ်(၁၀၁) လေကြောင်းချီတပ်မ (101st Airborne Division) နှင့်အတူ အမေရိကန်တပ်ဖွဲ့ဝင် ၄,၀၀၀ ခန့်ကို တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းမတိုင်မီ အမေရိကန်သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းအား စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီးနောက် လျင်မြန်စွာတုံ့ပြန်ရေးတပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမှတ်(၈၂)လေကြောင်းချီ တပ်မမှ အဖွဲ့ငယ်တစ်ခုကိုလည်း ၎င်းဒေသ၌ စေလွှတ်တပ်ဖြန့်ချထားခဲ့ပါသည်။

အမှတ်(၁၀၁)လေကြောင်းချီတပ်မမှ တပ်ဖွဲ့ဝင်များသည် လာမည့် ၂ လအတွင်း ပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ပြီး ၎င်းတို့နေရာတွင် ကင်တပ်ကီ (Kentucky) ပြည်နယ်၊ Fort Campbell အခြေစိုက် အမှတ်(၁၀၁)လေကြောင်းချီတပ်မမှ အခြားသောတပ်မဟာ တစ်ခုဖြင့် အစားထိုးတပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်မှ တာဝန်ရှိ သူများက ပြောကြားခဲ့ပါသည်။ အဆိုပါမစ်ရှင်အား ကြယ်နှစ်ပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးနှင့် ထိပ်တန်းစီမံချက်ရေးဆွဲသူများ အပါအဝင် အကြီးတန်းစစ်ဘက်အရာရှိများက ကြီးကြပ် ကွပ်ကဲသွားမည်ဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့ပါသည်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေနှင့်နီးသောနေရာသို့ ကြယ်နှစ်ပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးအား စေလွှတ် ခြင်းမှာ ရုရှားက လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲအား NATO အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေ ပိုင်နက်များအထိ ပျံ့နှံ့လာစေရန် လုပ်ဆောင်လာပါက တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက် ပစ္စည်းများ နေရာချထားရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ မြန်မြန်ဆန်ဆန် ချမှတ် နိုင်စေရန်အတွက်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာလေ့လာသုံးသပ်သူများက ပြောကြား ထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment