The National News;Jan-9(Mon)
NATO အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်အား ထောက်ခံပေးရန်နှင့်ပတ်သက်သည့် တူကီယဲနိုင်ငံ၏တောင်းဆိုချက်အချို့ကို လက်ခံပေးသွားနိုင်မည်မဟုတ်ကြောင်း ဆွီဒင် ဝန်ကြီးချုပ် အောလ်ဖ်ခရစ္စတာဆန် (Ulf Kristersson) က ဇန်နဝါရီလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ စစ်ဘက် ဆိုင်ရာကြားနေရေးမူဝါဒကို ဆယ်စုနှစ်များစွာကြာ လက်ကိုင်ကျင့်သုံးထားခဲ့ကြသည့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ယူကရိန်းအပေါ် ရုရှား၏ အထူးစစ်ဆင်ရေးဆင်နွှဲခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် NATO အဖွဲ့သို့ဝင်ရောက်ရန် တရားဝင်လျှောက်ထားမှုပြုလုပ်ခဲ့ ပါသည်။ သို့သော် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အနေဖြင့် တူကီယဲအစိုးရကိုဆန့်ကျင်လျက် ရှိသည့် ကာ့ဒ်အကြမ်းဖက်အဖွဲ့များအား ဖြိုခွင်းနှိမ်နင်းမှုမပြုလုပ်သေးသရွေ့ ၎င်းတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုများအား တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း တူကီယဲ နိုင်ငံက ပြောကြားထားပါသည်။
အဆိုပါနှစ်နိုင်ငံ၏ NATO အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ တူကီယဲ နိုင်ငံ၏တောင်းဆိုမှုအများစုသည် ဆွီဒင်နိုင်ငံနှင့် ကာ့ဒ်မျိုးနွယ်စုတို့အကြား ခိုင်မာသော ဆက်ဆံရေးများနှင့် အဓိကပတ်သက်လျက်ရှိနေခြင်းပင်ဖြစ်ပါသည်။ ဖင်လန်နိုင်ငံ အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေး အလျင်မလိုကြောင်းနှင့် ၎င်းတို့အိမ်နီးချင်း ဆွီဒင် နိုင်ငံနှင့် တစ်ချိန်တည်း၌သာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပီကာဟာဗစ်စတို (Pekka Haavisto) က ညီလာခံအပြီးတွင် ပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား NATO အဖွဲ့ဝင်နိုင်ငံများအဖြစ် ဆုံးဖြတ်ချက်ချမှတ်ရန် အတွက် တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့၏ လွှတ်တော်တို့အပေါ်တွင်သာမူတည်လျက် ရှိကြောင်းနှင့် အဆိုပါနှစ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် NATO အဖွဲ့ဝင်နိုင်ငံ များဖြစ်လာနိုင်ဖွယ်ရှိကြောင်း NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန် ဘာ့ချ် (Jens Stoltenberg) က ပြောကြားထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment