Saturday, July 4, 2020

တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံ၏ အမျိုးသားသဘောတူညီချက်အစိုးရနှင့် စစ်ဘက်ဆိုင်ရာသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း


Newsnow; Jul-4 (Sat)
              တူရကီနိုင်ငံသည် ၎င်း၏အကျိုးစီးပွားအား ခိုင်မာစေရန်အတွက် လစ်ဗျားနိုင်ငံ၏ အမျိုးသားသဘောတူညီချက်အစိုးရ (Government of National Accord-GNA) နှင့် စစ်ဘက်ဆိုင်ရာသဘောတူညီချက်အား ဇူလိုင်လ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါစစ်ဘက်ဆိုင်ရာသဘောတူညီချက်အား တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် စစ်ဘက်အကြီးအကဲ ရာဆာဂူလာ (Yasar Guler) တို့က လစ်ဗျားနိုင်ငံ၊ အမျိုးသားသဘောတူညီချက် အစိုးရ၏ဝန်ကြီးချုပ်ဖြစ်သူ ဖာရက်အယ်လ်ဆာရက် (Fayez al-Sarraj) နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားသဘောတူညီချက်အစိုးရက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ အထက်ပါ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် အရ တူရကီစစ်ဘက်သည် ၎င်းတို့၏စစ်အခြေစိုက်စခန်းများအား လစ်ဗျားနိုင်ငံအတွင်း တည်ဆောက်နိုင်မည်ဖြစ်သည့်အပြင် လစ်ဗျားနိုင်ငံရှိ တူရကီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မည်သည့်တရားစွဲဆိုမှုများကိုမဆို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ် များက ရေးသားဖော်ပြခဲ့ပါသည်။
              တူရကီတပ်ဖွဲ့ဝင်များအား တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ရရှိရန်အတွက် ၎င်းတို့ကို သံတမန်ရေးဆိုင်ရာ အဆင့်အတန်းများ ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းသဘောတူ စာချုပ်ကြောင့် လစ်ဗျားနိုင်ငံရှိ တူရကီနိုင်ငံ၏ အကျိုးစီးပွားများအား ကာကွယ်ပေးနိုင်မည့် အပြင် လစ်ဗျားနိုင်ငံအတွင်း တူရကီနိုင်ငံက တိုက်ရိုက်စွက်ဖက်မှုများ ပြုလုပ်နိုင်ဖွယ်ရှိလာ မည်ဖြစ်ပါသည်။ လစ်ဗျားနိုင်ငံ၊ ထရီပိုလီ (Tripoli) မြို့တွင် တပ်စွဲထားသည့် အမျိုးသား သဘောတူညီချက်အစိုးရသည် ရုရှားနှင့်အီဂျစ်နိုင်ငံများ၏ ကျောထောက်နောက်ခံပြုထား သည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ဦးဆောင်သော လစ်ဗျား အမျိုးသားတပ်ဖွဲ့ (Libya National Army-LNA) အား မကြာသေးမီက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တင်းမာမှုများမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment