Monday, July 20, 2020

တူရကီသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရုရှား၏ ခွင့်ပြုချက်မရရှိဘဲ အခြားနိုင်ငံများသို့ လွှဲပြောင်းခြင်းနှင့် ရောင်းချခွင့် မရှိကြောင်း ပြောကြားခဲ့ခြင်း


Tass; Jun-30 (Tue)
              တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် များကို ရုရှား၏ ခွင့်ပြုချက်မပါရှိဘဲ အခြားတတိယနိုင်ငံများသို့ လွှဲပြောင်းခြင်းနှင့် ပြန်လည်တင်ပို့ရောင်းချခွင့်ရှိမည်မဟုတ်ကြောင်း ရုရှားစစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ ဇွန်လ ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Tass သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ၎င်းစနစ်များကို ဝယ်ယူမည့်နိုင်ငံများ အနေဖြင့် အသုံးပြုမည့်ကြေညာချက်ကို ရုရှားနိုင်ငံသို့ အကြောင်းကြားရမည်ဖြစ်ပါ သည်။ အမေရိကန်စစ်ဘက်၏ ဒုံးကျည်ဝယ်ယူရေးဆိုင်ရာ ငွေစာရင်းများကိုအသုံးပြု၍ တူရကီနိုင်ငံမှ ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် ခွင့်ပြုမည့် ၂၀၂၁ ခုနှစ် အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေ  (2021 National Defense Authorization Act-NDAA) အားပြင်ဆင်ရန် အထက်လွှတ်တော်အမတ် ဝပ်စ်ဂျွန်သွန်နီ (Whip John Thune) က အဆိုပြုထားကြောင်း အမေရိကန်ကာကွယ်ရေး သတင်းစာက ဇွန်လ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။
              တူရကီနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအားဝယ်ယူရန် လုပ်ဆောင်နေသည့် အမေရိကန်၏ဆောင်ရွက်ချက်သည် ပဉ္စမမျိုးဆက် F-35 Lightning II ဂျက်တိုက်လေယာဉ်များထုတ်လုပ်မည့်အစီအစဉ်တွင် ပါဝင်လျက်ရှိသည့် အမေရိကန် နှင့် တူရကီနိုင်ငံတို့အကြား ထွက်ပေါက်မရှိသောအခြေအနေတစ်ခုကို ကျော်လွှားနိုင် ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း အထက်ပါသတင်းစာက ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် S-400 ဒုံးကျည်စနစ်များတင်ပို့ရန်အတွက် တူရကီနှင့် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသည့်စာချုပ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့ပါသည်။ သဘောတူစာချုပ်အရ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်ပထမဆုံးအသုတ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် လေကြောင်းဖြင့် တူရကီနိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ အမေရိကန်နှင့် NATO အဖွဲ့တို့သည် ရုရှားနှင့် တူရကီတို့၏ သဘောတူညီချက်ကိုပျက်ပြားစေရန် နည်းလမ်းရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း ရုရှား အစိုးရက ပြောကြားခဲ့ပါသည်။ ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူရန် တူရကီ၏ဆုံးဖြတ်ချက်ကြောင့် F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချရေး နှင့်ပတ်သက်၍ ဆက်လက်ပါဝင်ပတ်သက်ရန်မဖြစ်နိုင်ဟု အမေရိကန်နိုင်ငံက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအလယ်ပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်

              တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် စနစ်များဝယ်ယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် လက်ခံရရှိခဲ့ပါသည်။ တူရကီက  ရုရှား နိုင်ငံမှ အဆိုပါ ဒုံးကျည် စနစ်များဝယ်ယူခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက တုံ့ပြန် သည့်အနေဖြင့် F-35 တိုက်လေယာဉ်များ တူရကီသို့ရောင်းချရေးအစီအစဉ်ကိုရပ်ဆိုင်း ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ဆိုးရွားခဲ့ပါသည်။ ထိုသို့ နှစ်နိုင်ငံအကြားတင်းမာမှုကို ဖြေရှင်းသည့်အနေဖြင့် အမေရိကန်နိုင်ငံသည် အမေရိကန်စစ်ဘက်၏ ဒုံးကျည် ဝယ်ယူရေးအကောင့်ကိုအသုံးပြု၍ တူရကီနိုင်ငံမှ ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူရန်ခွင့်ပြုမည့် ၂၀၂၁ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေ (2021 National Defense Authorization Act-NDAA) အား ပြင်ဆင်ရန်လုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့ အမေရိကန်၏ လိုက်လျောမှုသည် ဝါရှင်တန်နှင့် အန်ကာရာအကြား F-35 Lightning II ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ ထုတ်လုပ်ရန်အစီအစဉ်နှင့်ပတ်သက်၍ အကျပ်အတည်းကိုကျော်လွှားရန် ခွင့်ပြုခြင်း ဖြစ်နိုင်သကဲ့သို့ ရုရှားနှင့် တူရကီအနေဖြင့်လည်း နှစ်နိုင်ငံအကြား နည်းပညာ လွှဲပြောင်းမှု နှင့် ပူးတွဲထုတ်လုပ်မှုများအပေါ်အခြေခံ၍ ကာကွယ်ရေးစက်မှုလုပ်ငန်း စီမံကိန်းသစ်များ ဖြစ်ပေါ်လာစေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment