PressTV; Mar-13 (Sat)
ရုရှားနိုင်ငံသည် ပြည်တွင်းထုတ် Su-35 နှင့် Su-57 တိုက်လေယာဉ်များကို တူရကီနိုင်ငံသို့ ရောင်းချပေးရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် အသင့် ရှိကြောင်း ရုရှားဖက်ဒရယ်ပြည်ထောင်စု၏ စစ်ဘက်နှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Russia’s Federal Service for Military and Technical Cooperation-FSVTS) ၏ ပြောရေးဆိုခွင့်ရှိသူ ဘာလီယာရီရှက်နီကိုဗာ (Valeria Reshetnikova) က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏ စစ်ဘက်နည်းပညာ သတ်မှတ်ချက်ကို ပြည့်မီစေရန်အတွက် ရုရှားထုတ် Su-35 နှင့် Su-57 တိုက်လေယာဉ် များကို ရောင်းချပေးရန်တောင်းဆိုမှုရှိခဲ့ပါသည်။ ထို့ကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန်အသင့်ရှိကြောင်း ဘာလီယာရီရှက်နီကိုဗာက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်များဝယ်ယူရန်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၌ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်အားလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ တူရကီ၏အထက်ပါဝယ်ယူမှုကြောင့် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် တူရကီနိုင်ငံအပေါ် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။ အမေရိကန်၏လုပ်ဆောင်မှုသည် အမေရိကန်-တူရကီ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ထိခိုက်နစ်နာစေပြီး ခြိမ်းခြောက်မှု ဖြစ်စေနိုင်သောကြောင့် အမေရိကန်အပေါ် လက်တုံ့ပြန်သွားမည်ဟုလည်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှား၏ S-400 ကာကွယ်ရေးစနစ်သည် အမေရိကန်၏ F-35 တိုက်လေယာဉ်များအား ခြိမ်းခြောက်မှုဖြစ်စေနိုင်သဖြင့် တူရကီနိုင်ငံအတွင်း အမေရိကန်- တူရကီ နှစ်နိုင်ငံပူးတွဲထုတ်လုပ်မည့် F-35 တိုက်လေယာဉ်အစီအစဉ်အား ဖျက်သိမ်းသွားခဲ့ကြောင်း Press TV သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment