တူရကီနိုင်ငံမှထုတ်လုပ်သော ဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၀ စင်း အား ပါကစ္စတန်နိုင်ငံသို့ရောင်းချမှုအပေါ် အမေရိကန်က တားမြစ်ခဲ့ကြောင်း ဝါရှင်တန်ရှိ သံတမန်သတင်းအရင်းအမြစ်များက Dawn သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ရဟတ်ယာဉ်များသည် အမေရိကန်ရှိ LHTEC ကုမ္ပဏီမှထုတ်လုပ်သည့် အင်ဂျင်များ တပ်ဆင်ရသော ATAK T-129 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပြီး လက်ရှိတွင် အမေရိကန်အနေဖြင့် အင်ဂျင်ပို့ကုန်လိုင်စင်ထုတ်ပေးရန် ငြင်းပယ် ခဲ့ခြင်းဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံမှ ရဟတ်ယာဉ်များဝယ်ယူရန် အတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ လက်ရှိတွင် အမေရိကန် အနေဖြင့် တူရကီနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုများသည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကို ပိုမိုထိခိုက်စေနိုင်ကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အိုင်ဘရာ ဟင်ကာလင် (Ibrahim Kalin) က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment