AA; Mar-8(Mon)
ဥရောပသမဂ္ဂ(EU)အနေဖြင့် ဆိုက်ပရပ်စ်အရေးကိစ္စနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တူရကီဆိုက်ပရပ်စ်နှင့် ဂရိဆိုက်ပရပ်စ်ခေါင်းဆောင်များအပါအဝင် ကုလသမဂ္ဂတို့မှ လိုအပ်သည့် မည်သည့်အကူအညီမျိုးကိုမဆို ပေးအပ်ရန်အသင့်ရှိ ကြောင်း EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဇက် ဘော်ရယ် (Josep Borrell) က မတ်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆိုက်ပရပ်စ် အရေးကိစ္စသည် ဥရောပသမဂ္ဂ၏အခက်အခဲဟု ယူဆထားသည့်အတွက် ကုလသမဂ္ဂ ဦးဆောင်သည့် ဆိုက်ပရပ်စ်အရေးဆွေးနွေးပွဲများတွင်ပါဝင်ရန် လိုလားလျက်ရှိကြောင်းလည်း ဂျိုးဇက်ဘော်ရယ်က ပြောကြားခဲ့ပါသည်။ ဂျိုးဇက်ဘော်ရယ်အနေဖြင့် ပြီးခဲ့သော သီတင်းပတ်အတွင်းက သွားရောက်ခဲ့သည့် ဆိုက်ပရပ်စ်ချစ်ကြည်ရေးခရီးစဉ်အတွင်း တူရကီဆိုက်ပရပ်စ် (Turkish Republic of Nothern Cyprus- TRNC) သမ္မတ အာဆင်တက်တာ၊ ဂရိဆိုက်ပရပ်စ်သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nikos Anastasiadis) တို့နှင့်တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ကုလသမဂ္ဂသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၅၆၁ နှင့်အညီ ဆိုက်ပရပ်စ်အရေးတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုတစ်ရပ် ရရှိနိုင်ရေးဆိုင်ရာ ကန့်သတ်ချက်မူဘောင်များအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် EU အနေဖြင့် ဆိုက်ပရပ်စ်အရေးဆွေးနွေးပွဲများတွင် ကုလသမဂ္ဂ၏ရပ်တည်ချက်များကို အပြည့်အဝ ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း ဂျိုးဆက်ဘော်ရယ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆိုက်ပရပ်စ်အရေးကိစ္စအား ပြည်ပနိုင်ငံများ၏ အကူအညီများဖြင့် ဖြေရှင်းဆောင်ရွက်ရန် မရနိုင်ကြောင်း၊ ၎င်းပြဿနာအားဖြေရှင်းနိုင်ရန် ဆိုက်ပရပ်စ်နိုင်ငံသားများထံ၌သာ အပြည့်အဝတာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ယခုပြန်လည် ပြုလုပ်မည့် ဆိုက်ပရပ်စ်အရေးကိစ္စဆွေးနွေးပွဲများသည် တူရကီနှင့် ဥရောပသမဂ္ဂတို့ အကြားထားရှိသော ဆက်ဆံရေးများအပေါ်တွင် အကျိုးသက်ရောက်မှုများဖြစ်ပေါ်နိုင်သည့် အတွက် အရေးကြီးကြောင်း ဘော်ရယ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment