Monday, March 15, 2021

တူရကီနိုင်ငံအနေဖြင့် အီဂျစ်အစိုးရ၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်နိုင်မှသာ ပုံမှန်ဆက်ဆံရေးပြန်ရမည်ဟု အီဂျစ်က ပြောကြားခဲ့ခြင်း







    Reuters; Mar-15 (Mon)

        နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်နိုင်ရေးအတွက် တူရကီ အစိုးရ၏ လှုပ်ရှားမှုများသည် အီဂျစ်အစိုးရကချမှတ်ထားသော အခြေခံသဘောတရား များနှင့်ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက်မှုရှိသည်ကို ပြသရမည်ဖြစ်ကြောင်း အီဂျစ် နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ(Sameh Shoukry) က မတ်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား နှစ်ပေါင်းများစွာကြာ တင်းမာ မှုများဖြစ်ပေါ်ခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးမှုများကို အနည်းအကျဉ်းသာပြုလုပ်ခဲ့ ကြောင်း ရှော့ခ်ရီက အတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် ပုံမှန် သံတမန်ဆက်ဆံရေး မူဘောင်အတွင်းမှာပင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တူရကီအနေဖြင့် အီဂျစ်အစိုးရ၏ အခြေခံသဘောတရားများနှင့်အညီ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိနိုင်မည်ဖြစ် ကြောင်း ရှော့ခ်ရီက ပြောကြားထားပါသည်။

    တူရကီအစိုးရအနေဖြင့် ပြီးခဲ့သောသီတင်းပတ်အတွင်းမှစတင်၍ အီဂျစ်နိုင်ငံ နှင့် သံတမန်‌ဆက်သွယ်ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ကြောင်း တူရကီထိပ်တန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား ဆွေးနွေးမှု များသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်းမရှိသေးသော်လည်း ကျေနပ်ဖွယ်ရာ ရလဒ်တစ်ခုရရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရေးကိစ္စနှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ပေးရန် အဆိုပြုခဲ့ကြောင်း အီဂျစ်ထောက်လှမ်းရေးသတင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အီဂျစ်နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများကြောင့် သမ္မတ အာဒိုဂန်၏မဟာမိတ် ဖြစ်သူ အီဂျစ်သမ္မတ မိုဟာမက်မော်စီ (Mohammed Mursi) ပြုတ်ကျခဲ့ပြီးနောက် အီဂျစ်နှင့် တူရကီနိုင်ငံတို့အကြား ဆက်ဆံရေးအေးစက်ခဲ့ကြောင်း သတင်းအရင်း အမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment