CAN; Mar-21 (Sun)
ရုရှားနိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံအတွင်း သူလျှိုလုပ်နေမှုကို ရပ်တန့် သွားရန် ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ် (Boyko Borissov) က မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားစစ်သံမှူး ၁ ဦးအပါအဝင် အငြိမ်းစားနှင့်တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်ထောက်လှမ်းရေးအရာရှိ ၆ ဦးသည် ဘူလ်ဂေးရီးယားနိုင်ငံ၏ သတင်းအချက် အလက်များကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု ဘူလ်ဂေးရီးယားအစိုးရရှေ့နေများက မတ်လ ၁၉ ရက်တွင် တရားစွဲဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ၁၈ လအတွင်း ဘူလ်ဂေးရီးယားနိုင်ငံသည် ရုရှားနိုင်ငံမှ နိုင်ငံအတွင်း သူလျှိုလုပ်သည်ဟု သံသယဝင်ခဲ့ သဖြင့် စစ်သံမှူး ၁ ဦးအပါအဝင် ရုရှားသံတမန် ၆ ဦးကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ ထို့ကြောင့် ဘူလ်ဂေးရီးယားနှင့် ရုရှားနိုင်ငံတို့အကြား သမိုင်းကြောင်း အရ ကောင်းမွန်ခဲ့သော သံတမန်ဆက်ဆံရေးမှာ တင်းမာခဲ့ရပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် ထင်မြင်ယူဆချက်များ ပြောကြားနေမှုကို တရားရုံးမှ စီရင်ချက်ချပြီးသည်အထိ ရပ်ဆိုင်းသင့်ကြောင်း မြို့တော် ဆိုဖီယာ(Sofia) ရှိ ရုရှားသံရုံးက မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်၊ ဗြိတိန်နှင့် အိမ်နီးချင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့သည် ဘူလ်ဂေးရီးယားနိုင်ငံအတွင်း ရုရှားနိုင်ငံ၏ ဆိုးဝါးသောလုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်းပြောကြားခဲ့ပါသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်(Dominic Raab) သည် မတ်လ ၂၀ ရက်တွင် ၎င်း၏တွစ်တာ၌ “ဘူလ်ဂေးရီးယားနိုင်ငံအပေါ် ထောက်လှမ်းရန်ကြိုးပမ်းမှုများအား နှောင့်ယှက်ရန်နှင့် ရုရှား၏ရန်လိုသောလုပ်ရပ်များအား ကိုင်တွယ်ရန်ကြိုးပမ်းမှုများအား အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment