Asbarez;Apr-10(Sat)
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh) ဒေသပဋိပက္ခနှင့်စပ်လျဉ်း၍ ဧပြီလ ၉ ရက်တွင် တယ်လီဖုန်း မှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ဖုန်းပြောဆိုစဉ် အတွင်း မြေထဲပင်လယ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် တူရကီ၏ စစ်ရေးအခြေအနေ များနှင့် ယူကရိန်းနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးတင်းမာမှုဆိုင်ရာကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါ ရှင်ယန် (Nikol Pashinyan) တို့အကြား “အာမေးနီးယား-အဇာဘိုင်ဂျန် နယ်စပ် ဖွင့်လှစ်ခြင်းနှင့် စစ်ပွဲအတွင်းဖမ်းဆီးထားသည့် အာမေးနီးယားအကျဉ်းသားများ ပြန်လည် စေလွှတ်ပေးခြင်း’’ ခေါင်းစဉ်ဖြင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် အထက်ပါတယ်လီဖုန်းပြောဆိုမှု ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် ပူတင်အနေဖြင့် အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီယက် (Ilham Aliyev) နှင့်လည်း တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ တူရကီသမ္မတ အာဒိုဂန်သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသအတွင်း ပဋိပက္ခအခြေအနေများ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့သည့် ရုရှား၏လုပ်ဆောင်မှုအပေါ် ချီးကျူးစကားပြောကြားခဲ့ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် တောင် ကော့ကေးဆပ်ဒေသတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်အား အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ သည်ဟု ၎င်းက ထပ်လောင်းကြေညာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment