Wednesday, April 7, 2021

လစ်ဗျားနှင့် ဂရိဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Xinhua; Apr-7(Wed)

        လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒ်ဒီဘီဘတ် (Abdul Hamid Dbeibah) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) တို့သည် ဧပြီလ ၆ ရက်တွင် မြို့တော်ထရီပိုလီ (Tripoli) ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ဖော်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိ အချိန်တွင် လစ်ဗျားနိုင်ငံသည် နှစ်နိုင်ငံဆိုင်ရာဘုံအကျိုးစီးပွားကို ပြန်လည်တည်ဆောက် ပေးနိုင်မည့် သံတမန်ဆက်ဆံ‌ရေးတစ်ရပ်ကို ဖော်ဆောင်သွားနိုင်ရန် မျှော်လင့်လျက် ရှိကြောင်း ဒီဘီဘတ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် မြို့တော်ထရီပိုလီ၌ ဂရိသံရုံးပြန်လည်ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံဆိုင်ရာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံနှင့် ပညာရပ်များဖလှယ်ရေးဆိုင်ရာကိစ္စရပ်အပြင် စီးပွားရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၊ စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန်သဘော တူညီချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များက‌ ဖော်ပြခဲ့ပါသည်။ 
     လစ်ဗျား၊ ဂရိ၊ တူရကီနိုင်ငံတို့၏ အခွင့်အရေးများနှင့် အဆိုပါဒေသအတွင်း ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာကိစ္စရပ်များအတွက် ပင်လယ်ရေကြောင်းသတ်မှတ်ရေးဆိုင်ရာ လစ်ဗျား-တူရကီ နားလည်မှုစာချွန်လွှာ (Libyan-Turkish Memorandum of Understanding) ဖော်ဆောင်သွားရန်လိုအပ်ကြောင်း ဒီဘီဘတ်က ဖော်ပြခဲ့ပါသည်။ လစ်ဗျားနိုင်ငံတွင် လက်ရှိဖွဲ့စည်းထားရှိသော လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (Libyan Government of National Unity) သည် ပြည်ပနိုင်ငံများ အထူးသဖြင့် မြေထဲပင်လယ်အတွင်းရှိနိုင်ငံများနှင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်လာရန် ဆောင်ရွက် လျက်ရှိပါသည်။ ဂရိဝန်ကြီးချုပ်အနေဖြင့် လစ်ဗျားနိုင်ငံသို့ ယခုတစ်ကြိမ် ချစ်ကြည်‌ရေး ခရီးစဉ် လာရောက်ခဲ့ခြင်းသည် လစ်ဗျား-ဂရိ ပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်များ တည်ဆောက်ရန်နှင့် လစ်ဗျားနိုင်ငံအတွက် ငြိမ်းချမ်း‌ရေးလမ်းစဉ်များကို ဖော်ဆောင် ပေးရန်အတွက်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment