Tass; Apr-20 (Tue)
ပြီးပြည့်စုံသောပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Joint Comprehensive Plan of Action-JCPOA) ၏ ပူးတွဲကော်မရှင်အဖွဲ့သည် အီရန်နျူကလီးယားသဘောတူညီချက် အား အပြည့်အဝ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လာမည့်သီတင်းပတ်တွင် ထပ်မံ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် မီခေးယူလီယာနော့ဗ် (Mikhai Ulyanov) က ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ပူးတွဲကော်မရှင် အဖွဲ့အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေးမှု များတွင် တိုးတက်မှုများရရှိခဲ့သောကြောင့် ဝမ်းမြောက်ကြောင်းနှင့် အဖွဲ့ဝင်ကိုယ်စားလှယ် များအား ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် ဆွေးနွေးပွဲများကို ခေတ္တရပ်ဆိုင်းပြီး အချိန်ပေးခဲ့ရကြောင်း ယူလီယာနော့ဗ်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ပူးတွဲကော်မရှင်အဖွဲ့သည် အီရန်အပေါ်အရေးယူပိတ်ဆို့မှုများအား ရုပ်သိမ်းရေးနှင့် နျူကလီးယားဆိုင်ရာပြဿနာများအား လုပ်ငန်းအဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းကာ အနှစ်ချုပ်ဆွေးနွေး သွားရန် စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုများသည် အောင်မြင်မှု ရရှိ နိုင်တော့မည်ဖြစ်ကြောင်း ယူလီယာနော့ဗ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ပူးတွဲ ကော်မရှင်အဖွဲ့ဝင်များသည် JCPOA သို့ အမေရိကန်ပြန်လည်ဝင်ရောက်နိုင်မည့် ဖြစ်နိုင်ချေ ရှိသော အလားအလာကောင်းများနှင့် စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘော တူညီချက်များအား အပြည့်အဝလေးစားလိုက်နာရမည့် ကန့်သတ်ချက်များကို ဆွေးနွေး သောအစည်းအဝေး ၂ ခုအား လွန်ခဲ့သော သီတင်းပတ်တွင်ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ သဘောတူညီချက်အရ အီရန်နိုင်ငံသည် ၎င်း၏ နျူကလီးယားလှုပ်ရှားမှုများအား ကန့်သတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ ထိန်းချုပ်မှုအောက်၌သာ လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment