Wednesday, June 30, 2021

ရုရှားနှင့် တူရကီတို့သည် အာမေးနီးယား-အဇာဘိုင်ဂျန်အကြား ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအပေါ် ပူးတွဲကြိုးပမ်းဆောင်ရွက် သွားမည်ဆိုခြင်း



Tass; Jun-30 (Wed)

    ရုရှားနှင့် တူရကီအစိုးရတို့အနေဖြင့် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့ အကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်ပြန်ဖြစ်စေရေးအတွက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergey Lavrov)သည် တူရကီနိုင်ငံခြားရေး ဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Mevlut Cavusoglu)နှင့် ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးမှုအတွင်း ရုရှားနှင့် တူရကီအစိုးရတို့သည် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ယုံကြည်မှုတည်ဆောက်ရေးအစီအမံများ ခိုင်မာအားကောင်းလာစေရေးအပေါ် အလေးထားဆောင်ရွက်သည့်အနေဖြင့် ပုံမှန် ဆက်ဆံရေးတည်ဆောက်၍ လက်တွေ့ကျသောကိစ္စရပ်များတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရ ပါသည်။

  သုံးသပ်ချက်

        မွတ်စလင်အများစုနေထိုင်သည့် အဇာဘိုင်ဂျန်နိုင်ငံနှင့် ခရစ်ယာန်အများစု နေထိုင်သည့် အာမေးနီးယားနိုင်ငံတို့သည် နာဂေါ်နို-ကာရာဘတ်ခ် (Nagorno-Karabakh) တောင်တန်းဒေသ ပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍ ပိုင်နက်အငြင်းပွားလျက် ရှိပြီး ၎င်းဒေသသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်က အဇာဘိုင်ဂျန်နယ်မြေ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သော်လည်း အဓိကမှီတင်းနေထိုင်သူများမှာ အာမေးနီးယားလူမျိုးများဖြစ်ကြပါသည်။ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နာဂေါ်နို-ကာရာဘတ်ခ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် အဇာဘိုင်ဂျန်နိုင်ငံမှနုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ပဋိပက္ခများစတင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ နှစ်နိုင်ငံစစ်ရေးတိုက်ခိုက်မှုများ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ သို့သော် ထိုအချိန်တွင် အဇာဘိုင်ဂျန်နိုင်ငံသည် နာဂေါ်နို-ကာရာဘတ်ခ် ဒေသအားလုံးနီးပါးနှင့် အာမေးနီးယားအကြားရှိနယ်မြေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် အာမေးနီးယား နိုင်ငံအနေဖြင့် တူရကီနယ်စပ်အား စောင့်ကြပ်ကြည့်ရှုရန်အတွက် ရုရှားတပ်ဖွဲ့များအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆိုပါပဋိပက္ခအတွင်း ပါဝင်ပတ်သက်ရန်ဆန္ဒမရှိသော်လည်း တူရကီနွယ်ဖွားအဇာဘိုင်ဂျန်တို့အား အကူအညီ များပေးအပ်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံအားတိုက်ခိုက်ရန် အာမေးနီးယား နိုင်ငံကို တွန်းအားပေးလျက်ရှိကြောင်းနှင့် အဇာဘိုင်ဂျန်နယ်မြေများနှင့် အခွင့်အရေး များအား ထိပါးနိုင်သည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ချက်ချင်းတုံ့ပြန်ပေးသွားမည် ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့သဖြင့် ရုရှားနှင့် တူရကီတို့အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူတို့၏ တွေ့ဆုံမှုအတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့၏ လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသော အခြေအနေ မှန်များနှင့်ပတ်သက်၍ အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြပြီးနောက် နာဂေါ်နို-ကာရာဘတ်ခ် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ရန်အတွက် အဇာဘိုင်ဂျန် နိုင်ငံ၊ အက်ဒမ်(Agdam)ခရိုင်တွင် တည်ဆောက်ထားသည့် ရုရှား-တူရကီ ပူးတွဲ စင်တာ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ သို့ဖြစ်၍ ရုရှားနှင့် တူရကီတို့၏ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ပဋိပက္ခ အားဖြေရှင်းနိုင်ရေး နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်မှုများသည် အဆိုပါနှစ်နိုင်ငံအကြား ငြိမ်းချမ်းမှုရရှိရေးအတွက် လမ်းစတစ်ခုပေါ်ပေါက်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment