Aljazeera; Oct-14 (Thu)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် တာလီဘန်ဦးဆောင်သည့် အာဖဂန်အစိုးရ၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်သူ အမီရာခန်မူတာကီ (Amir Khan Muttaqi) တို့သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ အောက်တိုဘာလ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်တို့က သိမ်းပိုက်ခဲ့ပြီး နောက် တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် တာလီဘန်ကိုယ်စားလှယ်တို့အကြား ပထမဆုံး အကြိမ်တွေ့ဆုံမှုဖြစ်ပြီး လက်ရှိတာလီဘန်အစိုးရနှင့် နိုင်ငံတကာအကြား သံတမန် ဆက်ဆံရေးကဏ္ဍအား ထူထောင်ရန်အတွက် တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ပြင် အဆိုပါဆွေးနွေးပွဲအတွင်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် တာလီဘန်အပေါ် ကူညီထောက်ပံ့ပေးသွားရန် ကာဗူဆိုဂလူက တိုက်တွန်းပြောကြားခဲ့ပါသည်။
တာလီဘန်တို့သည် အာဖဂန်နစ္စတန်တွင် အာဏာကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်သည် အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့မှုကို ဆိုင်းငံ့ခဲ့သည့်အပြင် နိုင်ငံတကာအသိုက်အဝန်းများကလည်း အမျိုးသမီးများကို နေအိမ်၌သာ နေထိုင်ရန်နှင့် ဖျော်ဖြေပွဲအများစုကို ပိတ်ပင်ခဲ့မှုတို့အပေါ် ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့သည့်အတွက် ကာဗူဆိုဂလူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် တာလီဘန် အနေဖြင့် နိုင်ငံအတွင်း ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် အမျိုးသမီး များ၏ အခွင့်အရေးများကို တိုးမြှင့်ပေးအပ်ရန်လိုအပ်ကြောင်းနှင့် ခရီးသွားလာမှုများ စတင်နိုင်ရန်အတွက် လေဆိပ်လုံခြုံရေးကို အဓိကထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကာဗူဆိုဂလူက အလေးပေးပြောကြားခဲ့ပါသည်။ တာလီဘန်ခေါင်းဆောင်များသည် အမေရိကန်နှင့် ဥရောပ ၁၀ နိုင်ငံအပါအဝင် ကာတာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်များနှင့် ကာတာနိုင်ငံ၊ မြို့တော် ဒိုဟာ (Doha) ၌ ယခုသီတင်းပတ်အတွင်းက ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment