Sunday, October 24, 2021

တူရကီအား အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ဂျာမနီလွှတ်တော်အမတ်က တောင်းဆိုခဲ့ခြင်း

 

Alarabiya.net;Oct-24(Sun)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ အနောက်နိုင်ငံများမှ သံအမတ် ၁၀ ဦးအား နှင်ထုတ်မှုနှင့်ပတ်သက်၍ တူရကီနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများဖြင့် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျာမနီလွှတ်တော်အမတ် ကလော်ဒီယာရို့ထ် (Claudia Roth) က အောက်တိုဘာလ ၂၃ ရက်တွင် ပြောကြား ခဲ့ပါသည်။ သမ္မတ အာဒိုဂန် သည် အမေရိကန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နှင့် နယူးဇီလန်နိုင်ငံတို့မှ သံအမတ်များအား နိုင်ငံအတွင်းမှနှင်ထုတ်ရန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ညွှန်ကြားခဲ့ကြောင်း သတင်း အရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ အဆိုပါသံအမတ်များအနေဖြင့် တူရကီနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သောအာဏာသိမ်းမှုဖြစ်စဉ်များနှင့် ပတ်သက်ဆက်နွှယ်သည်ဟူသော စွပ်စွဲချက် များဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပရဟိတသမားဖြစ်သူ အိုစမန်ကာဗာလာ (Osman Kavala) အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည့်အတွက် သမ္မတ အာဒိုဂန်အား စိတ်ဆိုးဒေါသထွက်စေခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။

          သမ္မတအာဒိုဂန်သည် ၎င်းအပေါ် ဝေဖန်ဆန့်ကျင်သူများအား မရိုးသားသည့် လုပ်ရပ်များ ပိုမိုလုပ်ဆောင်လာလျက်ရှိသည့်အတွက် နိုင်ငံတကာအနေဖြင့် အာဒိုဂန်၏ အာဏာရှင်လမ်းစဉ်အားထိပ်တိုက်ရင်ဆိုင်၍ တူရကီနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အပါအဝင် လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့်သွားရန် ရို့ထ်က တောင်းဆိုခဲ့ပါသည်။ ထို့အတူ ဥရောသမဂ္ဂဥက္ကဋ္ဌ ဒေးဗစ်ဆာဆိုလီ (David Sassoli) ကလည်း တူရကီသမ္မတ အာဒိုဂန်၏ သံအမတ်များအား နှင်ထုတ်သည့်လုပ်ရပ်သည် အာဏာရှင်ဆန်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဝေဖန်မှုများမြင့်တက်လျက်ရှိစဉ် သမ္မတ အာဒိုဂန်၏ ယခုကဲ့သို့လုပ်ဆောင်ခဲ့သည့် ပြင်းထန်သော နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတကာ၌ မည်သည့်အောင်မြင်မှုမှရရှိလိမ့်မည်မဟုတ်ကြောင်း ရို့ထ်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment