Monday, October 11, 2021

ပိုလန်နိုင်ငံတစ်ဝန်း၌ ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်း

 

BBC; Oct- 11(Mon)

              ဥရောပသမဂ္ဂ၏ဥပဒေများထဲမှ အဓိကကျသောပုဒ်မအချို့သည် ပိုလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအပေါ် လွှမ်းမိုးလျက်ရှိသည့်အတွက် နိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း ပိုလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး (Poland Constitutional Tribunal) က အောက်တိုဘာလ  ၇ ရက်တွင်  ဆုံးဖြတ်ချက်ချမှတ်ခဲ့ ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပိုလန်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံအား ဥရောပ သမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နုတ်ထွက်သွားနိုင်ဖွယ်ရှိမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသောကြောင့် အောက်တိုဘာလ ၁၀ ရက်တွင် နိုင်ငံတစ်ဝန်း၌ ကန့်ကွက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။ ၎င်းဆန္ဒပြမှုသည် မြို့တော် ဝါဆောတစ်ခုတည်း၌ပင် ဆန္ဒပြသူ ဦးရေ ၁၀၀,၀၀၀ ခန့်အထိရှိခဲ့ပြီး အခြားသောမြို့ပေါင်း ၁၀၀ ကျော်၌လည်း ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြသူများထဲတွင် အတိုက်အခံပါတီဝင် များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့ကြပါသည်။

              ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ် မိုရာဝီခ်ကီ (Mateusz Morawiecki) က မိမိတို့ နိုင်ငံသည် အခြားသောနိုင်ငံများကဲ့သို့ တန်းတူအခွင့်အရေးရှိကြောင်း၊ ၎င်းအခွင့်အရေး များအား  ရယူလိုမှုအပေါ်တွင် လေးစားမှုရှိစေလိုကြောင်းနှင့်  ပိုလန်နိုင်ငံအား ဥရောပသမဂ္ဂမှ နုတ်ထွက်သည့်အသုံးအနှုန်းအဖြစ် “Polexit”ဟု ခေါ်ဆိုကြသည့်အပေါ်တွင်လည်း နုတ်ထွက်ရန်အစီအစဉ်မရှိကြောင်း ၎င်း၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ဝါဆောမြို့၌ကျင်းပပြုလုပ်သော ဆန္ဒပြပွဲတွင် ဥရောပကောင်စီဥက္ကဋ္ဌဟောင်း ဒေါ်နယ်တက်ခ် (Donald Tusk) က ပိုလန်နိုင်ငံအား ဥရောပသမဂ္ဂမှ နုတ်ထွက်မှု မပြုလုပ်ရန်အတွက် နိုင်ငံသားများအနေဖြင့် ရပ်တည်ကာကွယ်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆိုပါဆုံးဖြတ်ချက် အပေါ် ဥရောပသမဂ္ဂအဖွဲ့ဝင်ခေါင်းဆောင်များက ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment