Monday, February 13, 2023

ဆိုက်ပရပ်စ်သမ္မတရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခဲ့ခြင်း

 Vaildaily; Feb-13(Mon)

            ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးဟောင်း နီကိုခရစ္စတိုဒိုလီဒီး (Nikos Christodoulides) သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲ၌ ဆိုက်ပရပ်စ်၏ သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း Vaildaily သတင်းဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။  တရားဝင် ရွေးကောက်ပွဲရလဒ်များအရ နီကိုခရစ္စတိုဒိုလီဒီးသည် ထောက်ခံမဲ ၅၁.၉ ရာခိုင်နှုန်းနှင့် ၎င်း၏ပြိုင်ဘက် အန်ဒရေးမက်ဗ်ရိုရေနစ် (Andreas Mavroyiannis) သည် ထောက်ခံမဲ ၄၈.၁ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ အသက် ၄၉ နှစ်အရွယ် နီကိုခရစ္စတိုဒိုလီဒီးသည် ဆိုက်ပရပ်စ်တွင် လူမျိုးရေးကွဲပြားမှုများအတွက် ပေါင်းစည်းရေးအင်အားတည်ဆောက်ရန်၊ ပါတီများအကြား ကွဲပြားခြားနားမှုနှင့် နိုင်ငံရေးသဘောထားကွဲပြားမှုများကို ရှောင်ရန် စသည့်ကိစ္စရပ်များကို ပြောကြား၍ ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့ရာ မဲဆန္ဒရှင်အများစုက ၎င်း၏မဲဆွယ်မှုအား ကြိုက်နှစ်သက်၍ ၎င်းအား ထောက်ခံမဲအမြောက်အမြား ပေးခဲ့ ပါသည်။

            စီးပွားရေးနှင့်ပတ်သက်၍ နီကိုခရစ္စတိုဒိုလီဒီး၏ ထိပ်တန်းဦးစားပေးမှာ နိုင်ငံ၏ လူမှုလုံခြုံမှုကို မထိခိုက်စေဘဲ ဘဏ္ဍာရေးစည်းကမ်းကို ထိန်းသိမ်းရန်နှင့် ခွင့်ပြုချက် မရှိဘဲ ရွှေ့ပြောင်းနေထိုင်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်တို့ဖြစ်ကြောင်း၊ ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ဆိုက်ပရပ်စ်တောင်ဘက် ကမ်းရိုးတန်းမှ အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်လုပ်ဆောင်သွားရန် ၎င်းကရည်မှန်းထားကြောင်း မဲဆွယ်စဉ်အတွင်း ပြောကြား ခဲ့ပါသည်။ နီကိုခရစ္စတိုဒိုလီဒီးသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ၎င်း၏ သမ္မတသက်တမ်းအတွင်း ခွဲထွက်တူကီယဲဆိုက်ပရပ်စ်များနှင့် ရပ်တန့်လျက်ရှိသော ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲများကို ပြန်လည်အသက်သွင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရာထူးနေရာထက်ဝက်ခန့်ကို အမျိုးသမီးများဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းတို့ကို လုပ်ဆောင် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

            နီကိုခရစ္စတိုဒိုလီဒီးသည် ယခင်က နိုင်ငံခြားရေး၀န်ကြီးအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေးလောကသို့ မဝင်ရောက်မီက ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သံတမန်တစ်ဦး ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကျော့ သမ္မတရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၃၂.၀၄ ရာခိုင်နှုန်းဖြင့် မဲအများဆုံး အနိုင်ရရှိခဲ့ပါသည်။ ၎င်းသည် ဆိုက်ပရပ်စ်တွင် လူမျိုးရေးကွဲပြားမှုများအတွက် ပေါင်းစည်းရေးအင်အား တည်ဆောက် ရန်နှင့် ပါတီကွဲပြားမှုနှင့် နိုင်ငံရေးသဘောတရားကွဲပြားမှုများကိုရှောင်ရန် စသည့် ကိစ္စရပ်များကို ပြောကြား၍ ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့ရာ မဲဆန္ဒရှင်အများအပြား သည် ၎င်း၏ မဲဆွယ်မှုအား ကြိုက်နှစ်သက်၍ ထောက်ခံမဲ အမြောက်အမြား ပေးခဲ့ပါ သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ၌ ထောက်ခံမဲ ၅၁.၉ ရာခိုင်နှုန်းရရှိခဲ့၍ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပါသည်။  ရွေးကောက်ခံယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်း အန်ဒရေးမက်ဗ်ရို ရေနစ်သည် နီကိုခရစ္စတိုဒိုလီဒီး၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုအပေါ် ဝမ်းမြောက် ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း နီကိုခရစ္စတိုဒိုလီဒီးအား ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ နီကိုခရစ္စတိုဒိုလီဒီးသမ္မတအဖြစ် တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း တူကီယဲ ဆိုက်ပရပ်စ်၊ တူကီယဲတို့နှင့် ဆက်ဆံရေးမှာ အပြုသဘော ဆောင်သည့်ပုံရိပ်များ ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


No comments:

Post a Comment