TASS; Feb-28(Tue)
ဥရောပသမဂ္ဂ (EU) သို့ ဆားဘီးယားနိုင်ငံဝင်ရောက်မှုသည် ဒေသတစ်ဝန်း လုံခြုံရေးအာမခံချက်ကို ခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်းနှင့် အနောက်ဘော်လ်ကန် (Western Balkan) ဒေသနိုင်ငံများသည် EU ၏ ငြိမ်းချမ်းရေးအစီအစဉ်များ၏ အစိတ်အပိုင်းအဖြစ် ပါဝင်သင့်ကြောင်း ဆားဘီးယားဝန်ကြီးချုပ် အန်နာဘာနာဘစ် (Ana Brnabic) က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ EU အဖွဲ့သို့ ဆားဘီးယားနိုင်ငံ ဆောလျင်စွာဝင်ရောက်နိုင်မှုသည် EU နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ရေရှည်ငြိမ်းချမ်းရေးတို့ကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် EU သည် ဆားဘီးယားနိုင်ငံအတွင်း အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကိုဆိုဗိုပြဿနာကိုဖြေရှင်းရာတွင် EU ၏ ပါဝင် ဆောင်ရွက်မှုရလဒ်များသည် ဥရောပသမဂ္ဂ၏ဂုဏ်သတင်းကို တိုက်ရိုက်လွှမ်းမိုးစေမည် ဖြစ်ကြောင်းလည်း ဘာနာဘစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ EU အဖွဲ့သို့ ဆားဘီးယား နိုင်ငံဝင်ရောက်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှု ရှိစေရေးတို့ကို တိုးမြှင့်လုပ်ဆောင်ရန်အရေးကြီးသကဲ့သို့ ဆားဘီးယား-ကိုဆိုဗို ဆွေးနွေးမှု သည်လည်း ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားထားပါသည်။
ဆားဘီးယား-ကိုဆိုဗိုဆွေးနွေးမှုများတွင် ကိုဆိုဗိုရှိဆာ့ဘ်လူမျိုးစုများအတွက် အုပ်ချုပ်ရေးအသိုက်အဝန်းတစ်ခု ထူထောင်ရေးကိစ္စရပ်ပါဝင်သင့်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားထားပါသည်။ ဆာ့ဘ်လူမျိုးစုအုပ်ချုပ်ရေးအသိုက်အဝန်းတစ်ခု ထူထောင်ရန်ရည်ရွယ်၍ ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ဘရပ်ဆဲလ်သဘောတူညီချက်များကို ရရှိခဲ့ကြပါသည်။ ကိုဆိုဗိုအစိုးရအနေဖြင့် အဆိုပါသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိ သော်လည်း ဆားဘီးယားအစိုးရအနေဖြင့် အပြည့်အဝလိုက်ပါလုပ်ဆောင်ခဲ့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားပါသည်။ ဆားဘီးယားသမ္မတနှင့် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ (Albin Kurti) တို့သည် ဥရောပသမဂ္ဂနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment