ANI;Feb-7(Tue)
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် တူကီယဲတောင်ပိုင်း ပြည်နယ် အများအပြားနှင့် ဆီးရီးယားမြောက်ပိုင်း၌ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၄,၀၀၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၉,၇၃၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ကြောင့် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အမျိုးသားရေး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်တွင် ကြေညာခဲ့သည်ဟု ANI သတင်းဌာနက ဖေဖော်ဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ပြင်းအား ၇.၈ ရှိသော ငလျင်သည် ခါရာမန်မာရက်စ် (Kahramanmaras) မြို့အား ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ဂါဇီယန်တက် (Gaziantep)၊ ဆာလုဖာ (Sanliurfa)၊ ဒီရားဘတ်ကစ် (Diyarbakir)၊ အဒါနာ (Adana)၊ အဒီရာမန် (Adiyaman)၊ မာလတ်ရာ (Malatya)၊ အိုစမားရဲ (Osmaniye)၊ ဟာတက် (Hatay) နှင့် ခီလစ် (Kilis) မြို့များတွင်လည်း ပြင်းထန်စွာလှုပ်ခတ်ခဲ့ပါသည်။
ထို့နောက် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းတွင် ခါရာမန်မာရက်စ်မြို့ရှိ အဲလ်ဘီစတန် (Elbistan) ခရိုင်ကိုဗဟိုပြု၍ ပြင်းအား ၇.၆ ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါသည်။ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်မှု စုစုပေါင်း (၁၄၅)ကြိမ်ရှိပြီး အဆောက်အဦ ၃,၇၄၁ လုံး ပြိုကျခဲ့ကြောင်း ဒုတိယသမ္မတ ဖိုဝါးအိုတေး (Fuat Oktay) က ပြောကြားခဲ့ပါသည်။ အလားတူ တူကီယဲ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့တွင်လည်း ငလျင်လှုပ်ခတ်ခဲ့ပါသည်။ ဒေသတွင်း၌ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၉,၇၀၀ ဦးနီးပါး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် လျက်ရှိကြောင်းနှင့် တူကီယဲ၏ အရှေ့မြေထဲပင်လယ်ကမ်းခြေများတွင် ဆူနာမီမုန်တိုင်း အန္တရာယ်ဖြစ်ပေါ်လာနိုင်မှုမရှိကြောင်း တူကီယဲသဘာဝဘေးနှင့် အရေးပေါ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲတောင်ပိုင်း ပြည်နယ်အများအပြားနှင့် ဆီးရီးယားနိုင်ငံတို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေကျေဒဏ်ရာရရှိပြီး အဆောက်အဦ ၃,၇၄၁ လုံး ပြိုကျခဲ့ပါသည်။ အဆိုပါလှုပ်ခတ် ခဲ့သောငလျင်သည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းအတွင်း ပြင်းအားအများဆုံးငလျင်များ အနက် တစ်ခုဖြစ်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် နိုင်ငံတကာမှ အကူအညီများလိုအပ်ကြောင်း တောင်းခံခဲ့ပြီး အမျိုးသားရေးဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်၏ အကူအညီတောင်းခံမှုကြောင့် နိုင်ငံအများအပြားမှ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့များရောက်ရှိလျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိသော်လည်း သေဆုံးသူ အရေအတွက်နှင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်မှာ တိုးလာနိုင်ကြောင်း သုတေသန ပညာရှင်များက ခန့်မှန်းထားပါသည်။ တူကီယဲနိုင်ငံသည် ပြည်ပနိုင်ငံတကာရေးရာ များတွင် ကူညီပါဝင်ဆောင်ရွက်ခဲ့မှုများပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် အကူအညီပေးသည့်နိုင်ငံများစွာရှိသလို နိုင်ငံတကာမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်းများကိုလည်း လက်ခံရရှိခဲ့ပါသည်။ ထို့အပြင် တူကီယဲ သမ္မတ အာဒိုဂန်အနေဖြင့် အမျိုးသားရေးဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ၇ ရက်ကြာ ကျင်းပပြုလုပ်ခြင်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်ပေါင်းများစွာဆုံးရှုံးမှုကို ဝမ်းနည်းကြောင်းပြသသည့် ပြယုဂ်တစ်ခုဖြစ်ပါသည်။ တူကီယဲသမ္မတ အာဒိုဂန်အနေဖြင့် ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရင်ဆိုင်ခဲ့ရသည့် ဒုက္ခသည်များ အပေါ် ထောက်ပံ့ကူညီမှုများစွာပြုလုပ်ပေးနိုင်ပါက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစရာမလိုဘဲ ထောက်ခံမဲရရှိ နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်နိုင်ပါသည်။ ထို့ကြောင့် သမ္မတ အာဒိုဂန်အနေဖြင့် အခက်အခဲကို အားသာချက်အဖြစ် မည်သို့ပြောင်းလဲသွားမည်ကို စောင့်ကြည့်သွားရ မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment