Tuesday, June 23, 2020

ရုရှားနိုင်ငံသည် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်စပ်လျဉ်း၍ တူရကီနှင့် သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးရန် အသင့်ရှိနေခြင်း

TASS; Jun-24 (Wed)

              ရုရှားနိုင်ငံသည် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အား တူရကီ နိုင်ငံသို့ ပေးပို့သွားရေးနှင့်စပ်လျဉ်းသည့် သဘောတူစာချုပ်တစ်ရပ်တွင် လက်မှတ်ရေးထိုးရန် အသင့်ရှိနေကြောင်း ရုရှားဒုတိယဝန်ကြီးချူပ် ယူရီဘိုရီဆော့ဗ် (Yuri Borisov) က ဇွန်လ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် အဆိုပါ လေကြောင်းရန် ကာကွယ်ရေးစနစ်အား ဝယ်ယူရန်ဆန္ဒရှိပါက သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီတို့သည် အဆိုပါလေကြောင်းရန်ကာကွယ်ရေးစနစ်ပေးပို့ရေးနှင့်စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ သဘောတူစာချုပ်အရ တူရကီအနေဖြင့် တပ်ရင်းကြီး  ၁ ရင်းအတွက် လက်နက်တပ်ဆင်ပေးနိုင်သည့် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များအား ရုရှားထံမှ လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

          ရုရှားအနေဖြင့် တူရကီနိုင်ငံသို့ ၎င်းတို့၏ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် စတင်ပေးပို့ခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံသည်လည်း ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူသည့် ပထမဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ထိုကဲ့သို့ ရုရှားထံမှတူရကီ၏ လက်နက် ဝယ်ယူမှုအပေါ် အမေရိကန်နှင့် နေတိုးအဖွဲ့က ဆန့်ကျင်ကန့်ကွက်သည့် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း တူရကီအနေဖြင့် ဝယ်ယူမည့်အစီအစဉ်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဆိုပါ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များအား ၂၀၀၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ ခြင်းဖြစ်ပြီး တာလတ်ပစ်လက်နက်စနစ်များနှင့်မြေပြင်တွင်တပ်ဆင်အသုံးပြုထားသည့် လက်နက်စနစ်များအပါအဝင် လေယာဉ်များနှင့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ခတ်ဖျက်ဆီးနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်သည် အကွာအဝေး  ၄၀၀ ကီလိုမီတာနှင့် အမြင့် ၃၀ ကီလိုမီတာရှိ ပစ်မှတ်များအား တိကျစွာပစ်ခတ်ဖျက်စီးနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment