Saturday, November 20, 2021

နိုင်ဂျာနိုင်ငံသည် တူရကီထုတ်လေယာဉ်ကို ဝယ်ယူမည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ခြင်း

 

Ahvalnews;Nov-20(Sat)

              နိုင်ဂျာနိုင်ငံသည် တူရကီကုမ္ပဏီတစ်ခုဖြစ်သည့် (Turkish Aerospace Industries-TAI) က တည်ဆောက်သော Hurkus လေ့ကျင့်ရေးလေယာဉ်ကို ဝယ်ယူ မည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း Ahvalnews သတင်းဌာနက နိုဝင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံမှ Bayraktar TB2 တိုက်ခိုက်ရေးဒရုန်းများ၊ Hurkus လေ့ကျင့်ရေး လေယာဉ်များနှင့် သံချပ်ကာယာဉ်များဝယ်ယူခြင်းသည် နိုင်ဂျာနိုင်ငံ၏ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) က ပြောကြားခဲ့ပါသည်။ နိုင်ဂျာ နိုင်ငံအနေဖြင့် Hurkus လေ့ကျင့်ရေးလေယာဉ် မည်မျှဝယ်ယူခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိသော်လည်း TAI ၏ အကြီးအကဲ တီမဲကိုတဲလ် (Temel Kotil) ကမူ လေယာဉ် ၁၂ စီးတင်ပို့ရန် မျှော်လင့်ထားကြောင်း ပြီးခဲ့သည့်ဧပြီလကပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ပါသည်။

              Hurkus လေ့ကျင့်ရေးလေယာဉ်ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း နှင့် ပထမဆုံးလေယာဉ်ကို ၆ လအတွင်း ပို့ဆောင်သွားမည်ဟု TAI ၏ အကြီးအကဲ တီမဲကိုတဲလ် (Temel Kotil) က နိုဝင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါရောင်းချမှုသည် တူရကီနိုင်ငံ၏ ပြည်တွင်းအရင်းအမြစ်များကို အသုံးပြု၍ ဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့သည့် စစ်လေယာဉ်ကို ပထမဆုံးတင်ပို့မှုပင်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။ Hurkus သည် ကင်းထောက်ခြင်း၊ အပေါ့စားတိုက်ခိုက်ရေး မစ်ရှင်များလုပ်ဆောင်ခြင်း၊ လေယာဉ်မှူးများကိုလေ့ကျင့်သင်ကြားပေးခြင်းနှင့် အနီးကပ် လေကြောင်းတိုက်ခိုက်မှုမစ်ရှင်အတွက်လည်း ဒီဇိုင်းရေးဆွဲထားသည့် လေယာဉ်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါလေယာဉ်သည် ပေါင် ၃,၃၀၀ အလေးချိန်ရှိသည့် လက်နက်များကို သယ်ဆောင်နိုင်ပြီး လေယာဉ်ပြေးလမ်းမဟုတ်သည့် မြေအနေအထားအမျိုးမျိုးတွင်လည်း ပျံတက်နိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment