Thursday, November 18, 2021

တူရကီနှင့် အမေရိကန်တို့သည် F-16 တိုက်လေယာဉ်ဝယ်ယူရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြခြင်း

 

တူရကီနိုင်ငံ၏ F-16 တိုက်လေယာဉ်များဝယ်ယူသွားရန် တောင်းဆိုချက်နှင့် ပတ်သက်၍ တူရကီနှင့်အမေရိကန်တို့၏ ကာကွယ်ရေးအရာရှိများအကြား အပြုသဘော ဆောင်သည့် ဆွေးနွေးမှုတစ်ရပ်အား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ပြုလုပ် ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်၌ ပြောကြားခဲ့ ပါသည်။ နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံ ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး လာမည့်အစည်းအဝေးကိုလည်း တူရကီနိုင်ငံ၏ မြို့တော်အန်ကာရာ၌ကျင်းပသွားရန် သဘောတူညီခဲ့ကြပါသည်။ တူရကီ နိုင်ငံသည် F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ         ၁.၄ ဘီလီယံပေးချေခဲ့ပြီးဖြစ်သောကြောင့် အမေရိကန်နိုင်ငံသည် F-16 ဂျက်လေယာဉ် များဖြင့် ပြန်လည်ပေးလျော်သွားရန် အဆိုပါတွေ့ဆုံမှုအတွင်း တောင်းဆိုမှုများပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနိုင်ငံအနေဖြင့် နိုင်ငံ၏လုံခြုံရေးအား အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခြင်းနှင့် နိုင်ငံအတွင်း စမ်းသပ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် တူရကီနှင့်အမေရိကန်နိုင်ငံတို့အကြား စစ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။  တူရကီနိုင်ငံသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဝယ်ယူသည့် ပထမဆုံးသော NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် တူရကီ နိုင်ငံ၏ လုပ်ဆောင်မှုအပေါ်တုံ့ပြန်သည့်အနေဖြင့် “အမေရိကန်နိုင်ငံ၏ ရန်ဘက်နိုင်ငံ များအပေါ် အရေးယူပိတ်ဆို့မှုများမှတစ်ဆင့် တုံ့ပြန်ဆောင်ရွက်ရေးအက်ဥပဒေ (Countering America's Adversaries Through Sanctions Act-CAATSA) အရ တူရကီနိုင်ငံအား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည့်အပြင် အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ် အစီး ၁၀၀ နှင့် ဆက်စပ်ပစ္စည်းများရောင်းချမည့်အစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပါသည်။ ထိုသို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း တူရကီသည် S-400 စနစ်များ ဒုတိယအသုတ် ထပ်မံဝယ်ယူရေးအတွက် ရုရှားနှင့် နည်းပညာလွှဲပြောင်းပေးရေး၊ ပြည်တွင်းထုတ်လုပ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ သို့သော်လည်း တူရကီနိုင်ငံသည် F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံပေးချေခဲ့ပြီး F-16 ဂျက်လေယာဉ်များဖြင့် ပြန်လည် ပေးလျော်သွားရန် တောင်းဆိုမှုများပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ တူရကီ၏ F-16 တိုက်လေယာဉ်များဝယ်ယူသွားရန် တောင်းဆိုချက်နှင့်ပတ်သက်၍ တူရကီနှင့် အမေရိကန် တို့၏ ကာကွယ်ရေးအရာရှိများအကြား ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲများ ထပ်မံ ကျင်းပပြုလုပ်သွားရန်အတွက်လည်း သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံကာကွယ်ရေး အရာရှိများ၏တွေ့ဆုံမှုအတွင်း တူရကီနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် F-16 ဂျက် တိုက်လေယာဉ်များအား အဆင့်မြှင့်တင်သွားရေးအပါအဝင် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တွေ့ရှိရပါသည်။ တူရကီနှင့် အမေရိကန်နိုင်ငံတို့၏ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် ရလဒ်ကောင်း များရရှိခဲ့ခြင်းကြောင့် တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံထံမှ F-16 ဂျက်တိုက်လေယာဉ် များအား ထပ်မံဝယ်ယူခွင့်နှင့် အဆင့်မြှင့်တင်နိုင်မှုများ ပြုလုပ်ခွင့်ရရှိနိုင်ခြင်း ရှိ/မရှိကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment