ANI; Jan-6 (Thu)
လူဦးရေ ၂ သန်းကျော်သာနေထိုင်သော လစ်သူရေးနီးယားနိုင်ငံအပေါ် တရုတ် နိုင်ငံ၏ စီးပွားရေးအရခြိမ်းခြောက်ရန် ကြိုးပမ်းနေမှုအား အမေရိကန်နှင့် ဂျာမနီနိုင်ငံ တို့က စိုးရိမ်ပူပန်လျက်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က ပြောကြားခဲ့ကြောင်း ဇန်နဝါရီလ ၆ ရက်တွင် ANI သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ထိုင်ဝမ်နှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သောကြောင့် တရုတ်အစိုးရက လစ်သူရေးနီးယားနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများအားရပ်တန့်ရန် ဥရောပကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများအား တိုက်တွန်းပြောကြားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထိုင်ဝမ်အစိုးရသည် လစ်သူရေးနီးယားနိုင်ငံနှင့် နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်သည့် အနေဖြင့် လစ်သူရေးနီးယားနိုင်ငံရှိ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာသန်း ၂၀၀ အား ဇန်နဝါရီလ ၅ ရက်တွင် ကနဦးမတည် ပေးခဲ့သဖြင့် တရုတ်အစိုးရက ယခုကဲ့သို့ဖိအားပေးခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ လစ်သူရေးနီးယားနိုင်ငံ အပေါ် ခြိမ်းခြောက်မှုများကိုတုံ့ပြန်ရန် ဂျာမနီနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဘလင်ကန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့နောက် ဘလင်ကန်သည် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက် နေမှုများကိုလည်း ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်သည့်အပြင် ကမ္ဘာတစ်ဝန်း လူ့အခွင့် အရေးချိုးဖောက်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ထိုင်ဝမ်နှင့်နှစ်နိုင်ငံကိုယ်စားလှယ်ရုံး များအပြန်အလှန်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ဖိအားပေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိကြောင်း သတင်းအရင်းအမြစ်များ၏ဖော်ပြချက်အရ သိရှိ ရပါသည်။
No comments:
Post a Comment