Saturday, January 8, 2022

တူရကီစစ်ဘက်သည် ဆီးရီးယား၌ စစ်အခြေစိုက်စခန်းသစ်တစ်ခုတည်ဆောက်ခဲ့ခြင်း

Syriahr;Jan-8(Sat)

  တူရကီတပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ပြည်နယ်အရှေ့ပိုင်းရှိ အေဖက်စ် (Afes) မြို့အရှေ့ပိုင်း၌ စစ်အခြေစိုက်စခန်းသစ်တစ်ခုအား တည်ဆောက်ခဲ့ ကြောင်း ခိုင်မာသည့်သတင်းအရင်းအမြစ်များက လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ (Syrian Observatory for Human Rights-SOHR) သို့ သတင်း ပေးပို့ခဲ့ပါသည်။ တူရကီတပ်ဖွဲ့များသည် စစ်သည် ၃၅ ဦးအပါအဝင် သံချပ်ကာယာဉ် ၄ စီး နှင့်အတူ စစ်အခြေစိုက်စခန်းသစ်ကို ထပ်မံတည်ဆောက်ခဲ့ကြောင်း သတင်းပေးပို့ချက် တွင် ဖော်ပြထားပါသည်။ ၎င်းစစ်အခြေစိုက်စခန်းသစ်သည် ဆီးရီးယားနိုင်ငံ၊ မြို့တော် ဒမတ်စကပ် (Damascus) နှင့် အလက်ပို (Aleppo) မြို့တို့အား ဆက်သွယ်ထားသည့် နိုင်ငံတကာအဝေးပြေးလမ်းမကြီး M5 အနီး၌ ဆောက်လုပ်ထားခြင်းကြောင့် မဟာ ဗျူဟာမြောက်နေရာတွင် တည်ရှိပါသည်။

    ထို့ကြောင့် စစ်အခြေစိုက်စခန်းသစ်ရှိ တူရကီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏သစ္စာခံ တပ်ဖွဲ့ဝင်များသည် ၎င်းအဝေးပြေးလမ်းမကြီးပေါ်ရှိ ရန်သူ၏စစ်ရေးလှုပ်ရှားမှုများကို ကောင်းစွာစောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယား လက်နက်ကိုင် National Army တပ်ဖွဲ့ဝင် ၄၀၀ ဦးခန့်သည် ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၆ ရက်တွင် ရုရှား-တူရကီတပ်ဖွဲ့ဝင်များ ပူးတွဲလုံခြုံရေးယူထားသည့်နယ်မြေများ၌ နယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ပါသည်။ အိုင်ဒဲလစ်ပြည်နယ်၊ အယ်လ်မက်တိုမက်ရှ် (Al-Mastoumah) စခန်းရှိ တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များသည် ပြည်တွင်းထုတ် သံချပ်ကာကားများ၊ တင့်ကားများနှင့် စစ်ဘက်ယာဉ်များဖြင့် ၎င်းနယ်မြေရှင်းလင်းမှု အပေါ် လုံခြုံရေးစောင့်ကြပ်ပေးမှုများပြုလုပ်ပေးခဲ့ပါသည်။ တူရကီတပ်ဖွဲ့များသည် ၎င်း၏သစ္စာခံ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များအပေါ် လက်နက်မျိုးစုံနှင့် အကြီးစား စက်သေနတ်များအား တပ်ဆင်ပေးခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

    ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ဆီးရီးယား ပြည်တွင်းစစ်မှ အမေရိကန် သည် ၂၀၁၉ ခုနှစ်တွင် စတင်ဆုတ်ခွာပြီးနောက် ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယား ပြည်တွင်းစစ်အပေါ် အဓိကဩဇာလွှမ်းမိုးသည့်နိုင်ငံများအဖြစ် ရပ်တည်လာနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံအပေါ် ဩဇာလွှမ်းမိုးရန် အပြိုင်ကြိုးပမ်းလျက်ရှိပြီး စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတ အာဆတ်ဦးဆောင်သည့် စစ်ဘက်အပေါ် ကျောထောက် နောက်ခံပြုပေးထားလျက်ရှိစဉ် တူရကီနိုင်ငံက အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့များ အပေါ် ကျောထောက်နောက်ခံပြုပေးထားလျက်ရှိပါသည်။ စစ်ရေးအင်အားကြီးနိုင်ငံ အဖြစ်ရပ်တည်လာလျက်ရှိသည့် တူရကီနိုင်ငံသည် နာဂေါ်နို-ကာရာဘတ်ခ်အရေးတွင် ရုရှားနှင့်အပြိုင် ကျောထောက်နောက်ခံပြုပေးရာတွင် ၎င်းကျောထောက်နောက်ခံပြု အဇာဘိုင်ဂျန်မှ အနိုင်ရရှိခဲ့ပြီး ရုရှားကျောထောက်နောက်ခံပြု အာမေးနီးယားမှ ရှုံးနိမ့်ခဲ့ သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် အာဖရိကဒေသအပါအဝင် ဆီးရီးယား နှင့် မြေထဲပင်လယ်အရေး စသည့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အမေရိကန်၊ ရုရှားတို့နှင့် ဩဇာပြိုင်ဆိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ တူရကီကျောထောက် နောက်ခံပြု ဆီးရီးယားလက်နက်ကိုင် National Army တပ်ဖွဲ့ဝင် ၄၀၀ ဦးခန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်တွင် တူရကီ-ဆီးရီးယားနပ်စပ် ပူတင်-အာဒိုဂန်နယ်မြေ၌ နယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ပါသည်။ ၎င်းနယ်မြေရှင်းလင်းမှုအပေါ် အိုင်ဒဲလစ် ပြည်နယ်ရှိ အယ်လ်မက်တိုမက်ရှ် (Al-Mastoumah) စခန်းရှိ တူရကီစစ်ဘက်တပ်ဖွဲ့ဝင် များက သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် စစ်ဘက်ယာဉ်များဖြင့် လုံခြုံရေး စောင့်ကြပ်ပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ တူရကီတပ်ဖွဲ့များသည် ၎င်းသစ္စာခံ ဆီးရီးယားလက်နက်ကိုင်အဖွဲ့များအပေါ် လက်နက်မျိုးစုံနှင့် အကြီးစား စက်သေနတ်များအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ တူရကီစစ်ဘက်၏ ဆီးရီးယား နယ်စပ်၌ စစ်အခြေစိုက်စခန်းသစ်တည်ဆောက်ခြင်းနှင့် ၎င်း၏သစ္စာခံများအား လက်နက် ခဲယမ်းများ ထောက်ပံ့နေမှုတို့ကြောင့် ရုရှားနှင့် တင်းမာမှုမြင့်တက်လာနိုင်ခြင်းနှင့်အတူ ဆီးရီးယားပြည်တွင်းစစ်အဟုန် ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment