Trtworld; Jan-7(Fri)
တူရကီနိုင်ငံသည် ပထမဆုံးပြည်တွင်းထုတ် ဂျက်တိုက်လေယာဉ်ဖြစ်သည့် TF-X (Turkish Fighter) ကို ၂၀၂၃ ခုနှစ်တွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာ (Ankara) ၌ပြုလုပ်သည့် အမျိုးသားနည်းပညာများနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များစင်တာ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ TF-X တိုက်လေယာဉ်အား ၂၀၂၅ ခုနှစ်တွင် စတင်စမ်းသပ်ပျံသန်းမှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့် ၂၀၂၉ ခုနှစ်မှစတင်ကာ တူရကီလေတပ်တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ၎င်းတို့ လေတပ်တွင် လက်ရှိအသုံးပြုလျက်ရှိသည့် F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုး အသုံးပြုသွားရန်ရည်ရွယ်၍ TF-X တိုက်လေယာဉ်များထုတ်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် တူရကီနိုင်ငံသည် အထက်ပါဂျက်တိုက်လေယာဉ်များအား ၎င်းတို့၏ လေတပ်တွင် ၂၀၂၉ ခုနှစ်မှ ၂၀၇၀ ပြည့်နှစ်အထိ အသုံးပြုသွားရန် စီစဉ်လျက်ရှိပါ သည်။ တူရကီနိုင်ငံသည် ကိုယ်ပိုင်စစ်သင်္ဘောများကို ဒီဇိုင်းရေးဆွဲထုတ်လုပ်၍ တည်ဆောက်နိုင်သည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည့်အပြင် ခေတ်မီမောင်းသူမဲ့လေယာဉ်ထုတ်လုပ်နိုင်သည့် ထိပ်တန်း ၃ နိုင်ငံစာရင်းတွင်လည်း ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သမ္မတ အာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၏ အုပ်ချုပ်မှုအောက်တွင် တူရကီနိုင်ငံ၏ ကာကွယ်ရေးစက်မှု လုပ်ငန်းသည် လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုထက်ပိုမိုတိုးတက်လာခဲ့ပြီး ကာကွယ်ရေး စက်မှုလုပ်ငန်းစီမံကိန်းပေါင်း ၇၅၀ ကျော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment