Tuesday, January 11, 2022
တူရကီနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း
Anadolu Agency; Jan-11 (Tue)
တူရကီသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန် (Jake Sullivan) တို့သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကိစ္စရပ်များနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များအား ဇန်နဝါရီလ ၁၀ ရက်၌ တယ်လီဖုန်းဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီသမ္မတရုံးက ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းတို့နှစ်ဦးသည် ယူကရိန်းအရေး၊ လက်ရှိ ဖြစ်ပွားဆဲ ကာဇက်စတန်ပြည်တွင်းပဋိပက္ခများ၊ တူရကီနှင့်အာမေးနီးယားနိုင်ငံတို့ အကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းမှုများအပါအဝင် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ အာဖဂန်နစ္စတန်နှင့် အီသီယိုးပီးယားနိုင်ငံတို့ရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များကိုလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် အီတလီနိုင်ငံ၊ ရောမ မြို့၌ပြုလုပ်ခဲ့သော ဂျီ-၂၀ အစည်းအဝေးပွဲအပြီး သီးခြားတွေ့ဆုံမှုတွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့အကြား သဘောတူညီခဲ့ကြသည့် မဟာဗျူဟာမြောက်ပူးတွဲဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးက အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ယူကရိန်းပဋိပက္ခအား ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်သာ ဖြေရှင်းသွားသင့်ကြောင်း ၎င်းတို့နှစ်ဦးကပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ယူကရိန်းအရေးအပါအဝင် ဘော်လ်ကန်၊ ကော့ကေးဆပ်၊ အရှေ့အလယ်ပိုင်း၊ အာရှ အလယ်ပိုင်းနှင့် အာဖရိကဒေသများ၌ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန်ဆုံးဖြတ်ထားကြောင်း ကာလင်က မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
စစ်ရေး,
စီးပွားရေး,
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment