Saturday, January 22, 2022

တူရကီဆိုက်ပရပ်စ်အစိုးရသည် လွှတ်တော်ရွေးကောက်ပွဲအားကျင်းပပြုလုပ်ခဲ့ခြင်း

Anadolu Agency;Jan-23(Sun)

တူရကီဆိုက်ပရပ်စ် (Turkish Republic of Northern Cyprus-TRNC) အစိုးရ သည် လွှတ်တော်ရွေးကောက်ပွဲအား ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနကဖော်ပြခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲအတွင်း ပါတီပေါင်း ၈ ခုမှ အမျိုးသမီးအမတ်လောင်း ၁၃၁ ဦးအပါအဝင် စုစုပေါင်းအမတ်လောင်း ၄၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တူရကီဆိုက်ပရပ်စ်ပြည်သူပေါင်း ၂၀၃,၈၀၀ ဦးက မဲပေးမှု ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်းမဲရလဒ်များ၏ ၇၀.၆၄ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် အာဏာရအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (National Unity Party-UBP) က ၃၉.၈၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း ရွေးကောက်ပွဲဘုတ်အဖွဲ့ (Supreme Election Board-YSk) က ပြောကြားခဲ့ပါသည်။ UBP ပါတီနောက်တွင် ရီပတ်ဘလစ်ကန် တူရကီပါတီ (Republic Turkish Party-CTP) သည် ၃၁.၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ဒီမိုကရက်တစ်ပါတီ (Democrat Party-DP) သည် ၇.၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပြန်လည်ရှင်သန်ရေးပါတီ (Rebirth Party-YDP) သည် ၆.၉၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပြည်သူ့ပါတီ (People’s Party-HP) သည် ၆.၄၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရပ်တည် နေခဲ့ကြပြီး ပြည်သူ့ဒီမိုကရေစီပါတီ (Communal Democracy Party-TDP)၊ ပြည်သူ့ လွတ်မြောက်ရေးပါတီ (Communal Liberation Party New Forces-TKP-YG) နှင့် တစ်သီးပုဂ္ဂလပါတီ (Independence Path Party-BY) တို့သည် ၅ ရာခိုင်နှုန်းအောက်တွင် အသီးသီးရပ်တည်လျက်ရှိခဲ့ကြပါသည်။

လက်ရှိမဲရလဒ်များအရ အမတ်နေရာပေါင်း ၅၀ နေရာတွင် UBP ပါတီသည် အမတ်နေရာ ၂၄ နေရာ၊ CTP ပါတီသည် အမတ်နေရာ ၁၈ နေရာ၊ DP ပါတီနှင့် YDP ပါတီတို့သည် အမတ်နေရာ ၃ နေရာနှင့် HP ပါတီသည် အမတ်နေရာ ၂ နေရာရရှိထား ခဲ့ပါသည်။ မဲရလဒ်အားလုံးရေတွက်ပြီးချိန်၌ ၎င်း၏ပါတီအနိုင်ရရှိခဲ့ပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီဆိုက်ပရပ်စ်ဝန်ကြီးချုပ်နှင့် UBP ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဖိုင်ဇ်စူကူဂလူ (Faiz Sucuoglu) က သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါသည်။ တူရကီဆိုက်ပရပ်အစိုးရသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက်မှုမြင့်တက်လာမှုကြောင့် ကျန်းမာရေးစည်းကမ်းနှင့်အညီ မဲရုံအတွင်း လူပေါင်း ၁၅၀ ကျော်အထိသာ ဝင်ရောက်မဲပေးခွင့်ပြုခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူများအား မဲပေးခွင့်မပြုခဲ့ကြောင်း၊ ရွေးကောက်ပွဲအား သတ်မှတ်ချိန်ထက် တစ်နှစ်စော၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြုလုပ်မည့်ရက်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment