Monday, January 3, 2022

ဘူလ်ဂေးရီးယားနှင့် မြောက်မက်ဆီဒိုးနီးယားတို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် သဘောတူညီခဲ့ကြခြင်း

Euronews;Jan-19(Wed)

    ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ကာရီလ်ပက်ကော့ဗ် (Kiril Petkov) နှင့် မြောက်မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဒီမီတာကိုဗာချီဗ်စကီ (Dimitar Kovacevski) တို့ သည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၊ မြို့တော် စကော့ပ်ဂျီ (Skopje) ၌ ဇန်နဝါရီလ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင် သွားရန် သဘောတူညီခဲ့ကြကြောင်း Euronews သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ဘုံရည်မှန်းချက်ဖြစ်သည့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၌ ဆိုရှယ်ဒီမိုကရက်ပါတီခေါင်းဆောင် ကိုဗာချီဗ်စကီ ဦးဆောင်သော အစိုးရအဖွဲ့သစ်ကို နိုင်ငံ၏လွှတ်တော်က ခန့်အပ်အတည်ပြု ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ပက်ကော့ဗ်၏ မြောက်မက်ဆီဒိုးနီးယားခရီးစဉ် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ ဘူ‌လ်ဂေးရီးယားနိုင်ငံသည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၏ ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် ကြိုးပမ်းချက်များအား ၂၀၂၀ ပြည့်နှစ်တွင် ကန့်ကွက် တားဆီးမှုများပြုလုပ်ခဲ့သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ ယိုယွင်းခဲ့ရခြင်း ဖြစ်ပါသည်။
      နှစ်နိုင်ငံအစိုးရများအနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ အခြေခံအဆောက်အအုံ များ၊ ဥရောပပေါင်းစည်းရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးတို့နှင့်ပတ်သက်၍ လာမည့် သီတင်းပတ်တွင် ဘူလ်ဂေးရီးယားနိုင်ငံ၏မြို့တော် ဆိုဖီယာ (Sofia) ၌ ပူးတွဲအစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် လက်တွေ့ကျစွာ အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်ဖြစ်ကြောင်း ကိုဗာချီဗ်စကီက ပြောကြား ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံအား မြောက်မက်ဆီဒိုးနီးယားနိုင်ငံဟုလည်း ခေါ်ဆိုသွားရန် သဘောတူညီခဲ့ ပါသည်။ နှစ်နိုင်ငံအကြား အမည်အတိုကောက်သုံးခြင်းဆိုင်ရာ ပြဿနာများကိုဖြေရှင်း ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအခန်းကဏ္ဍအတွက် ပထမဆုံးသော ကြီးမားသည့်ခြေလှမ်း တစ်ရပ်ဖြစ်ပြီး အနာဂတ်အတွက် အကောင်းမြင်မှုများကို ပေးစွမ်းနိုင်မည်ဖြစ်သည်ဟု ကိုဗာချီဗ်စကီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment