VOA; Jan-16(Sun)
မြောက်မက်ဆီဒိုးနီးယားလွှတ်တော်သည် ဝန်ကြီးချုပ် ဒီမီတာကိုဗာချီဗ်စကီ (Dimitar Kovacevski)နှင့် ၎င်း၏အစိုးရအဖွဲ့အား ဇန်နဝါရီလ ၁၆ ရက်တွင် အတည်ပြု ခန့်အပ်ခဲ့ပါသည်။ ၎င်း၏အစိုးရအဖွဲ့ အတည်ပြုရေးအတွက် လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦးရှိသည့်အနက် ထောက်ခံမဲ ၆၂ မဲ၊ ကန့်ကွက်မဲ ၄၆ မဲရလဒ်ဖြင့် အစိုးရအဖွဲ့အား အတည်ပြုခန့်အပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုဗာချီဗ်စကီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသစ်အနေဖြင့် နိုင်ငံ၏စွမ်းအင်အကျပ် အတည်းများအား ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဥရောပသမဂ္ဂသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခြင်းတို့အား အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။
မြောက်မက်ဆီဒိုးနီးယားနိုင်ငံတွင် ၂ လကျော်ကြာ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဝန်ကြီးချုပ်နှင့် အစိုးရအသစ်တို့အား အတည်ပြု ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အစိုးရသစ်အနေဖြင့် ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေးကြိုးပမ်းမှုတွင် ဘူလ်ဂေးရီးယားနိုင်ငံ၏ ကန့်ကွက်မှုများကြောင့် ကြီးမား သည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်သွားရမည်ဖြစ်ပါသည်။ ကိုဗာချီဗ်စကီသည် ရွေးကောက်ပွဲ ကျင်းပမှုအား ယခင်စီစဉ်ထားသည့်အတိုင်း ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ကိုဗာချီဗ်စကီ အနေဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ရှုပ်ထွေးသောဆက်ဆံရေးအခြေအနေများ အပြင် နိုင်ငံ၏စီးပွားရေးအား အကြီးအကျယ်ထိခိုက်ပျက်စီးစေလျက်ရှိသော အကျင့်ပျက် ခြစားမှုပြဿနာများကို ရင်ဆိုင်သွားရမည်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဝေဖန် ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment