Al Arabiya English; Dec-20 (Tue)
အယ်လ်ဘေးနီးယားနိုင်ငံသည် နိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်လာပါက အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရန် တူကီယဲထုတ် Bayraktar ဒရုန်း ၃ စင်းကို ဝယ်ယူ ခဲ့ကြောင်း Al Arabiya English သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သို့သော်လည်း ၎င်းဒရုန်းများ ရောက်ရှိလာပါက ရဲတပ်ဖွဲ့အား အထောက်အကူပြုနိုင်ရန် အသုံးပြုသွားမည် ဖြစ်ကြောင်း အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) က ဒီဇင်ဘာလ ၂၀ ရက်တွင် အယ်လ်ဘေးနီးယားမြို့တော် တီရာနာ (Tirana) ၌ တူကီယဲကာကွယ်ရေး ကုမ္ပဏီ Baykar မှ ကိုယ်စားလှယ်များနှင့်ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ် အဒီရာမာသည် ဒရုန်းများကို စစ်ပွဲတွင် အသုံးပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါဒရုန်းများအား မည်သည့် အချိန်တွင် လက်ခံရရှိမည်ဖြစ်ကြောင်းနှင့် ဒရုန်းထပ်မံဝယ်ယူနိုင်မည့် အလားအလာ ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။
လက်နက်တပ်ဆင်လိုက်ပါက တိုက်ပွဲဝင်အသင့်ဖြစ်လာမည့် အဆိုပါဒရုန်း များသည် တောမီးလောင်သောနေရာများကို ရှာဖွေကြည့်ရှုခြင်း၊ ဆေးခြောက်စိုက်ခင်းနေရာ များအား ရှာဖွေခြင်းနှင့် နိုင်ငံပိုင်နက်နယ်မြေများအား စောင့်ကြည့်ခြင်းတို့အပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးတွင် အာဏာပိုင်များအား ကူညီပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အဒီရာမာက ပြောကြားခဲ့ပါသည်။ အဆိုပါဒရုန်းများကို မောင်းနှင်ရန်အတွက် လူ ၃၀ ခန့်အား လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ယူကရိန်း စစ်ဘက်သည် ရုရှားတပ်ဖွဲ့ဝင်များကို တားဆီးရန် Bayraktar ဒရုန်းများအား အသုံးပြုခဲ့ ပြီးနောက် ၎င်းဒရုန်းများသည် ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment