Tuesday, December 13, 2022

တူကီယဲ၏ UlAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်သစ်အားထုတ်ဖော်ပြသခဲ့ခြင်း

The Defense Post; Dec-13 (Tue)

တူကီယဲကာကွယ်ရေးစက်မှုလုပ်ငန်းအေဂျင်စီ (SSB) သည် UlAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်သစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါ UlAQ မောင်းသူမဲ့ရေယာဉ်သစ်အား ARES Shipyard သင်္ဘောကျင်းနှင့် Meteksan Defence တူကီယဲကာကွယ်ရေး စက်မှုလုပ်ငန်းကုမ္ပဏီမှ ထုတ်လုပ်ပြီး တူကီယဲနိုင်ငံ၏ ပထမဆုံးမောင်းသူမဲ့ရေယာဉ် ဖြစ်ပါသည်။ ၎င်း UlAQ မောင်းသူမဲ့ရေယာဉ်သစ်အား ပင်လယ်ရေပြင်၌ မြန်နှုန်းမြှင့် မောင်းနှင်နိုင်ရန်အတွက် ပြည်တွင်းထုတ်တွန်းကန်အားစနစ်တစ်ခုကို အသုံးပြုထား ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။ UlAQ မောင်းသူမဲ့ရေယာဉ်သစ်တွင် အဝေးထိန်းခလုတ်ဖြင့် အပြည့်အဝထိန်းချုပ်နိုင်သည့် USV စွမ်းရည်အသစ်များ တပ်ဆင် သွားမည်ဖြစ်ပြီး ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန်အတွက် ၎င်း UlAQ အား ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း SSB အေဂျင်စီဥက္ကဋ္ဌ အစ်မေးဒီမာ (Ismail Demir) က ပြောကြားခဲ့ပါသည်။

ထို့ပြင် UlAQ ရေယာဉ်သင်္ဘောသစ်အား အဆင့်မြှင့်တင်ထားသော အင်ဂျင်သစ် တစ်လုံးနှင့်အတူ ၁၂.၇ မီလီမီတာ အဝေးထိန်းလက်နက်စနစ် တော်ပီဒိုများ၊ ဆက်သွယ်ရေး စနစ်နှင့်ဆိုနာစနစ်တို့ တပ်ဆင်သွားမည်ဖြစ်ကြောင်း အစ်မေးဒီမာက ပြောကြားခဲ့ပါသည်။ UlAQ သည် တစ်နာရီလျှင် ၆၅ ကီလိုမီတာ(၄၀ မိုင်) နှုန်းမှ ၄၀၀ ကီလိုမီတာ (၂၄၈ မိုင်) နှုန်းအထိ မောင်းနှင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ၎င်းရေယာဉ်သစ်အား ပေါ့ပါးပြီးအကြမ်းခံနိုင်သော ကိုယ်ထည်ဖြင့် တည်ဆောက်ထားခြင်းကြောင့် ပင်လယ်ပြင်၌ ကြုံတွေ့လာမည့် မည်သည့်အခြေအနေများတွင်မဆို ကြံ့ခိုင်မှုရှိစွာဖြင့် ကျော်လွှား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် UlAQ တွင် လေဆာရေဒါသုံး တိုင်းတာရေး နည်းပညာစနစ်၊ မြင်ကွင်းထိန်းချုပ်ရေးစနစ်၊ ပင်လယ်ရေကြောင်းသွားလာရေး ကင်မရာများ တပ်ဆင်ထားခြင်းကြောင့် ရေကြောင်းသွားလာမောင်းနှင်ရာတွင် မြင်ကွင်းကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

တူကီယဲနိုင်ငံသည် စစ်လက်နက်ပစ္စည်းများနှင့်စပ်လျဉ်း၍ နိုင်ငံခြားထုတ်လုပ်သူ များအပေါ် မှီခိုအားထားမှုကိုလျှော့ချနိုင်ရန်နှင့် နိုင်ငံအတွင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ ကိုယ်ပိုင်စွမ်းရည်မြှင့်တင်ရန် ကြိုးပမ်းမှုများကို ၁၉၉၈ ခုနှစ်မှ စတင်ကာ အလေးထားလုပ်ဆောင်လာခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ အဓိကရည်မှန်းချက်မှာ ခေတ်မီမျိုးဆက်သစ် စစ်လက်နက်ပစ္စည်းများကို ပြည်တွင်း၌သာထုတ်လုပ်နိုင်ရန်နှင့် ခေတ်မီစစ်ဘက်ဆိုင်ရာနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက်နှင့်အညီ တူကီယဲနိုင်ငံသည် စစ်လက်နက်ပစ္စည်းကို ပြည်တွင်း၌ တီထွင် ထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ၎င်းနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ကိုလည်း ၂၀၁၄ ခုနှစ်မှစ၍ ကမ္ဘာအနှံ့အပြားသို့ရောင်းချနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာခဲ့ပါသည်။ ရုရှား-ယူကရိန်းပဋိပက္ခတွင် တူကီယဲထုတ် Bayraktar TB2 မောင်းသူမဲ့ လေယာဉ်များသည် ၎င်းတို့၏စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ခဲ့သောကြောင့် ကမ္ဘာအနှံ့အပြားက ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိပါသည်။ လက်ရှိတွင်လည်း တူကီယဲ အစိုးရသည် UlAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်သစ်ကို ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ဖော်ပြသခဲ့ပါသည်။ အထက်ဖော်ပြပါ UlAQ မောင်းသူမဲ့ရေယာဉ်သစ်တွင် အဝေးထိန်း ခလုတ်ဖြင့် အပြည့်အဝထိန်းချုပ်နိုင်သည့် USV စွမ်းရည်အသစ်များ တပ်ဆင်သွားမည် ဖြစ်ပြီး ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန်အတွက် ၎င်း UlAQ အား ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း SSB အေဂျင်စီဥက္ကဋ္ဌ အစ်မေးဒီမာ (Ismail Demir) က ပြောကြားခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ပြင် UlAQ တွင် လေဆာ ရေဒါသုံး တိုင်းတာရေးနည်းပညာစနစ်၊ လျှပ်စစ်နှင့်ပတ်သက်သည့် မြင်ကွင်းထိန်းချုပ်ရေး စနစ်၊ ပင်လယ်ရေကြောင်းသွားလာရေးကင်မရာများတပ်ဆင်ထားခြင်းကြောင့် ရေကြောင်း သွားလာမောင်းနှင်ရာတွင် မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာမြင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တူကီယဲနိုင်ငံအနေဖြင့် မောင်းသူမဲ့ရေယာဉ်သစ်များထုတ်လုပ်ခြင်းဖြင့် ၎င်း၏ နိုင်ငံရေးဩဇာအာဏာကို ပိုမိုဖြန့်ကြက်နိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းစစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကဏ္ဍကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment